CNI Sport News

၂၀၂၆ ခုနှစ်၊ မတ်လ ၃

ဘရိုက်တန်အသင်းဟာ ဝါရင့်တိုက်စစ်မှူး ဝဲလ်ဘတ်ကို အသင်းမှာ ၂၀၂၇ ခုနှစ် ရာသီကုန်အထိ ဆက်ရှိမယ့် စာချုပ် သက်တမ်းတိုးခဲ့တယ်လို့ BBC Sport က ဖော်ပြထားပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိ ဝဲလ်ဘတ်ရဲ့ လက်ရှိစာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးမှာဖြစ်ပေမယ့် ဘရိုက်တန် အသင်းဟာ စာချုပ်ထဲမှာ ပါဝင်တဲ့ နောက်ထပ် ၁ နှစ် သက်တမ်းတိုးခွင့်ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ 

ဝဲလ်ဘတ်ဟာ ၂၀၂၄ ခုနှစ်က ဘရိုက်တန်အသင်းနဲ့ ၂ နှစ် စာချုပ်သစ် ချုပ်ခဲ့ပေမယ့် ဒီအချိန်တုန်းက ၁၂ လ သက်တမ်းရှိတဲ့ ရွေးချယ်ခွင့် ပါဝင်တဲ့အကြောင်း သတင်းထွက်ခဲ့ခြင်း မရှိပါဘူး။ 

အဲ့ဒါကြောင့် ဝဲလ်ဘတ်ဟာ ဘရိုက်တန်အသင်းမှာ အနာဂတ် မရေမရာ ဖြစ်နေခဲ့ပေမယ့် အခုအချိန်မှာတော့ သူဟာ လာမယ့်ရာသီ ဘရိုက်တန်အသင်းမှာ ဆက်ပြီးရှိနေတော့မှာ ဖြစ်ပါတယ်။

ဝဲလ်ဘတ်ကို တွေ့ရစဉ်

ဝဲလ်ဘတ်ဟာ ပြီးခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ပွဲမှာ အနိုင်ဂိုး သွင်းယူခဲ့တာ အပါအဝင် ဘရိုက်တန် အသင်းအတွက် ဒီရာသီမှာ ပွဲပေါင်း ၃၀ ကစားထားပြီး ၁၁ ဂိုး သွင်းယူထားကာ အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင် အဖြစ် ရပ်တည်နေတာပါ။ 

ဝဲလ်ဘတ်ဟာ သူ့ရဲ့စွမ်းဆောင်ရည်တွေကြောင့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်း လူစာရင်းမှာ ပြန်လည်ရွေးချယ်ခံရဖို့ သတင်းတွေ ထွက်နေပါတယ်။ 

အင်္ဂလန်အသင်းနည်းပြ တူချယ်လ်ဟာ ဒီလထဲ ကစားမယ့် ခြေစမ်းပွဲအတွက် အသင်းလူစာရင်း ထုတ်ပြန်ချိန်မှာ ဝဲလ်ဘတ် ပါဝင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ 

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလမှာ ဘရိုက်တန်အသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ ယူနိုက်တက်နဲ့ အာဆင်နယ်အသင်း တိုက်စစ်မှူးဟောင်း ဝဲလ်ဘတ်ဟာ အသင်းအတွက် ၁၉၁ ပွဲ ကစားထားပြီး ၄၈ ဂိုး သွင်းယူထားပါတယ်။  

Source: BBC