CNI Sport News

၂၀၂၆ ခုနှစ်၊ မေလ ၁၁

ဘာစီလိုနာအသင်း လာလီဂါဖလား ရယူနိုင်ခဲ့တဲ့ ရီးရယ်လ်အသင်းနဲ့ပွဲမှာ ခြေစွမ်းပြသပြီး ဂိုးသွင်းခဲ့တဲ့ ရက်ရှ်ဖို့ဒ်က သူသာမှော်ဆရာဖြစ်ရင် ဘာစီလိုနာအသင်းမှာပဲ ဆက်နေမယ်လို့ ပြောခဲ့ပါတယ်။ 

ရက်ရှ်ဖို့ဒ်က “လာမယ့်ရာသီ ဘာစီလိုနာ ကစားသမားအဖြစ် ဆက်ရှိမလားဆိုတာ ကျနော် မသိပါဘူး။ ကျနော်က မှော်ဆရာ မဟုတ်ပေမယ့် မှော်ဆရာဖြစ်ခဲ့ရင် ဆက်နေမှာပါ။ ကျနော်တို့ စောင့်ကြည့်ရမှာပါ။ ကျနော်ဟာ အနိုင်ရ ယူဖို့ ဒီကို ရောက်လာခဲ့တာဖြစ်ပြီး ဒီအသင်းရဲ့ အစိတ်အပိုင်း ဖြစ်ရတာ အလွန်ထူးခြားပါတယ်။ ဘာစီလိုနာ အသင်းဟာ အနာဂတ်မှာ အောင်မြင်မှုတွေ အများကြီး ရယူနိုင်တော့မှာပါ”လို့ ပြောခဲ့တာပါ။ 

ယူနိုက်တက်အသင်းကနေ အငှားနဲ့ ရောက်လာခဲ့တဲ့ ရက်ရှ်ဖို့ဒ်ရဲ့ အငှားစာချုပ်ဟာ လာမယ့်လဆိုရင် ကုန်ဆုံး တော့မှာ ဖြစ်ပါတယ်။ 

ရက်ရှ်ဖို့ဒ်ကို တွေ့ရစဉ်

ဘာစီလိုနာအသင်းဟာ ရက်ရှ်ဖို့ဒ်ကို ယူရိုသန်း ၃၀ နဲ့ အပြီးသတ် ဝယ်ယူဖို့ ရွေးချယ်ခွင့် ရှိပေမယ့် အငှားစာချုပ်ကို နောက်ထပ် တစ်ရာသီ သက်တမ်းတိုး ချင်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားတာပါ။ 

ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာအသင်းမှာ ဆက်နေချင်သလို ယူနိုက်တက်အသင်းကလည်း သူ့ကို အပြီးသတ် ရောင်းချ ချင်နေတာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီရာသီပြီးရင် ရက်ရှ်ဖို့ဒ်ရဲ့ အနာဂတ်ကို ဆုံးဖြတ်မှာဖြစ်ပြီး ယူနိုက်တက်အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ရှိ နေတာပါ။ 

လက်ရှိအချိန်မှာ ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ အသင်းတချို့က စောင့်ကြည့်မှုတွေ ပြုလုပ်နေကြပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ၄၇ ပွဲ ကစားထားပြီး ၁၄ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁၄ ကြိမ် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ 

Source: ESPN