CNI Sport News

၂၀၂၆ ခုနှစ်၊ မေလ ၁၂

စပါးအသင်းဟာ လိဒ်စ်အသင်းနဲ့ပွဲမှာ ၁ ဂိုးစီ သရေကျကာ တန်းဆင်းဇုန်ထဲက အသင်းကို အမှတ် ဖြတ်နိုင်မယ့် အခွင့်အရေး လက်လွှတ်ခဲ့ရပြီးနောက် နည်းပြဒီဇာဘီက အသင်းဟာ အမှားတွေ များလွန်းခဲ့တယ်လို့ ပြောခဲ့ပါ တယ်။ 

ဒီဇာဘီက “ကျနော်တို့ အမှားတွေ အများကြီး လုပ်ခဲ့ကြပြီး အနိုင်ရချင်ရင် အမှားတွေကို လျှော့ချရမှာပါ။ အနိုင် ရသင့်တယ်လို့ ထင်ခဲ့ပေမယ့် ဖိအားတွေ၊ အရေးကြီးတဲ့ပွဲ၊ ရာသီရဲ့ အရေးကြီးတဲ့ အပိုင်းတွေမှာ ကျနော်တို့ အများကြီး ခံစားခဲ့ရပါတယ်။ ဒီပွဲမတိုင်ခင်ကတည်းက ရာသီကုန်အထိ၊ နောက်ဆုံးပွဲတွေအထိ ခက်ခဲမယ်ဆိုတာ ကျနော်တို့ သိခဲ့ပါတယ်”လို့ Match of the Day ကို ပြောခဲ့တာပါ။ 

စပါးအသင်းဟာ ဒီပွဲမှာ မာသီးစ်တဲလ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဂိုးဧရိယာအတွင်းမှာ သူ့ရဲ့ဘောလုံးရှင်း ထုတ်မှုကြောင့် လိဒ်စ်အသင်းကို ပယ်နယ်တီ ပေးရပြီး ချေပဂိုး ခွင့်ပြုခဲ့ရပါတယ်။ 

စပါးအသင်း ယှဉ်ပြိုင်နေစဉ်

စပါးအသင်းဟာ ဒီပွဲရဲ့မိနစ် ၉၀ ပြည့်ပြီး ထပ်ဆောင်း အချိန်ပိုမှာ ပယ်နယ်တီ ရနိုင်မယ့် အခြေအနေ ရှိခဲ့ပေမယ့် ကွင်းလယ်ဒိုင်လူကြီးက ခွင့်မပြုခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။ 

စပါးအသင်းနည်းပြ ဒီဇာဘီက ဝက်စ်ဟမ်းနဲ့ အာဆင်နယ်အသင်းပွဲမှာ ဖြစ်ခဲ့တဲ့အရာတွေကြောင့် ဒိုင်လူကြီးတွေ ဟာ ဖိအားတွေကို ခံစားနေရတဲ့အတွက် တည်ငြိမ်မှု မရှိဘူးလို့ထင်ကြောင်း ပြောခဲ့သလို မာသီးတဲလ်စ်ဟာ သူ့ရဲ့ အမှားအတွက် တောင်းပန်ခဲ့တယ်လို့လည်း ပြောခဲ့တာပါ။

စပါးအသင်းဟာ ဒီပွဲရလဒ်ကြောင့် တန်းဆင်းဇုန်ထဲက ဝက်စ်ဟမ်းအသင်းကို ၂ မှတ်အသာနဲ့ အဆင့် ၁၇ နေရာမှာ ရပ်တည်နေပါတယ်။ 

စပါးအသင်းဟာ ပရီးမီးယားလိဂ် လက်ကျန် ၂ ပွဲအဖြစ် ချယ်လ်ဆီး၊ အဲဗာတန်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဝက်စ်ဟမ်းအသင်းက နယူးကာဆယ်၊ လိဒ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: CNA