CNI Sport News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၆

အာဆင်နယ်အသင်းကွင်းလယ်လူ ဒီကလန်ရိုက်စ်က စပါးအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ မြောက်လန်ဒန် ဒါဘီပွဲစဉ်မှာ အသင်းအနေနဲ့ ၁၀ ဂိုး မသွင်းနိုင်ခဲ့တဲ့အတွက် ကံမကောင်းခဲ့ဘူးလို့ ပြောခဲ့ပါတယ်။ 

ဒီကလန်ရိုက်စ်က “ကျနော်တို့ဟာ ဒီပွဲမှာ ၁၀ ဂိုး မသွင်းနိုင်ခဲ့တဲ့အတွက် ကံမကောင်းခဲ့ပါဘူး။ ဒါက ခံစားချက်ပါပဲ။ ကျနော်တို့ဟာ နောက်ထပ် သွင်းဂိုးတွေ ရယူရမှာဖြစ်ပေမယ့် မလုပ်နိုင်ခဲ့လို့ စိတ်ပျက်စရာ ကောင်းခဲ့ပါတယ်။ ဒီညက အရာအားလုံးထက်ပိုပြီး အဓိပ္ပါယ်ရှိပါတယ်။ ကျနော်တို့ဟာ ဒီပွဲကို ကြီးစိုးနိုင်ခဲ့ပြီး ရည်ရွယ်ချက်တွေ၊ ဆန္ဒ တွေနဲ့ ဖိအားတွေကို  ပြသခဲ့ပါတယ်။ ဒါက ဒါဘီပွဲဆိုပြီး ခင်ဗျားတို့ပြောနိုင်တယ်”လို့ ပြောခဲ့တာပါ။ 

ဒီပွဲမှာ ဆွန်ဟောင်မင်က စပါးအသင်းအတွက် ဦးဆောင်ဂိုး စတင်သွင်းယူခဲ့ပြီး အာဆင်နယ်အသင်းအတွက် ချေပဂိုးကို စပါးအသင်း တိုက်စစ်မှူး ဆိုလန်ကီရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုကနေ ရရှိခဲ့ကာ အနိုင်ဂိုးကို ထရော့ဆာဒ်က သွင်းယူခဲ့တာဖြစ်ပါတယ်။ 

ဒီသွင်းဂိုးတွေ အားလုံးကို ပထမပိုင်းမှာ သွင်းယူခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ အာဆင်နယ်အသင်းဟာ နောက်ထပ် သွင်းဂိုးတွေ ရရှိနိုင်မယ့် အခွင့်အရေးတွေ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာပါ။ 

အာဆင်နယ်အသင်းဟာ ဒီနိုင်ပွဲကြောင့် နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးမှုကို အဆုံးသတ်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၂ နေရာကို တက်နိုင်ခဲ့ပါတယ်။ 

အာဆင်နယ်နဲ့စပါးအသင်း ယှဉ်ပြိုင်စဉ်

အာဆင်နယ်အသင်းဟာ ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ လီဗာပူးလ်အသင်းထက် ၁ ပွဲ ပိုကစားထားပြီး ရမှတ် ၄ မှတ်သာ ကွာဟတော့တာပါ။ 

စပါးအသင်းကတော့ ဒီရှုံးပွဲကြောင့် ပရီးမီးယားလိဂ်ပွဲစဉ် ၂၁ ပွဲ ကစားအပြီးမှာ ၁၁ ပွဲမြောက် ရှုံးပွဲကြုံတွေ့ခဲ့ပြီး အဆင့် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။ 

စပါးအသင်းနည်းပြ ပိုစတီကိုဂလူးက အာဆင်နယ်အသင်းနဲ့ပွဲစဉ်က အသင်းရဲ့စွမ်းဆောင်ရည်ဟာ လက်ခံနိုင်စရာ မရှိဘဲ ပိုကောင်းတဲ့ပုံစံ ပြသနိုင်ဖို့ မျှော်လင့်တယ်လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။ 

အာဆင်နယ်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အက်စတွန်ဗီလာအသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရ မှာဖြစ်ပြီး စပါးအသင်းက အဲဗာတန်အသင်း အိမ်ကွင်းသွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: ESPN