CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၁၂
ချယ်လ်ဆီးအသင်းဟာ ရီးရယ်လ်အသင်း နည်းပြဟောင်း အလွန်ဆိုကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စတင် ကြိုးပမ်းနေပြီး တခြားရွေးချယ်စရာတွေကိုလည်း စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။
လေဗာကူဆင်အသင်းကို ၂၀၂၃-၂၄ ရာသီဘွန်ဒက်လီဂါ ပြိုင်ပွဲမှာ ရှုံးပွဲမရှိ ချန်ပီယံဖြစ်အောင် ကိုင်တွယ်ပေးနိုင် ခဲ့တဲ့ အလွန်ဆိုဟာ ရီးရယ်လ်အသင်းကို ၆ လကြာ ကိုင်တွယ်ပြီးနောက် ဇန်နဝါရီလမှာ ထွက်ခွာခဲ့တာပါ။
အလွန်ဆိုဟာ အသင်းဟောင်း လီဗာပူးလ်အသင်းနဲ့ ချိတ်ဆက်မှုတွေ ရှိနေပေမယ့် လီဗာပူးလ်အသင်းက လက်ရှိ နည်းပြ အာနီဆလော့ကို လာမယ့်ရာသီဆက်ပြီး တာဝန်ယူခိုင်းဖို့ ရှိနေပါတယ်။
အဲ့ဒါကြောင့် အလွန်ဆိုဟာ ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ဖို့ စိတ်ကူးရှိနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားတာပါ။

ချယ်လ်ဆီးအသင်းကို တွေ့ရစဉ်
ချယ်လ်ဆီးအသင်းရဲ့ နည်းပြသစ် ဖြစ်လာနိုင်တဲ့ စာရင်းထဲမှာ ၆ ဦးအထိရှိနေပြီး ဘုန်းမောက်အသင်း နည်းပြ အီရာအိုလာနဲ့ ဖူလ်ဟမ်အသင်းနည်းပြ မာကိုဆေးလ်ဗားတို့ ပါဝင်နေပါတယ်။
ဒါ့အပြင် ဒီရာသီကုန်ရင် ခရစ္စတယ်ပဲလေ့စ်အသင်းကနေ ထွက်ခွာမယ့် ဂလက်စ်နာနဲ့ အသင်းရဲ့ ကစားသမား ဟောင်းတွေဖြစ်တဲ့ ဖာဘရီဂတ်စ်နဲ့ ဖီလစ်ပီလူးဝစ်တို့ ပါဝင်နေတာ ဖြစ်ပါတယ်။
ဖာဘရီဂတ်စ်ဟာ လက်ရှိအချိန်မှာ ကိုမိုအသင်းကို လာမယ့်ရာသီ ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိအောင် ကိုင်တွယ် ပေးထားပြီး ဖီလစ်ပီလူးဝစ်ဟာ ဖလာမင်ဂိုအသင်းကို အောင်မြင်မှုတွေ ရယူပြီးနောက် ထွက်ခွာခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ဇွန်လအလယ်မှာ နည်းပြသစ် ခန့်အပ်နိုင်ဖို့ မျှော်လင့်နေပြီး အလွန်ဆိုဟာ သူတို့ရဲ့ ဦးစားပေးအဖြစ် ရှိနေပါတယ်။
လန်ဒန်ကလပ်ဟာ သူတို့ရဲ့အမြင်နဲ့ ကိုက်ညီပြီး၊ အသင်းကို တိုးတက်အောင် လုပ်ဆောင်ပေးကာ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်နဲ့ ရလဒ်တွေကို ပေးနိုင်တဲ့ နည်းပြကို ခန့်အပ်ချင်နေတာပါ။
ချယ်လ်ဆီးအသင်းဟာ လက်ရှိအချိန်မှာ ရာသီကုန်အထိ မက်ဖာလိန်းကို ယာယီနည်းပြအဖြစ် တာဝန်ပေးထားပြီး သူဟာ လာမယ့် FA ဖလားဗိုလ်လုပွဲအတွက် အသင်းကို ပြင်ဆင်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
Source: Dailymail
