CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၂၂

ပိုချက်တီနိုဟာ ချယ်လ်ဆီးအသင်းကို တစ်ရာသီကြာ ကိုင်တွယ်အပြီးမှာ နှစ်ဦးသဘောတူညီမှုနဲ့ ထွက်ခွာပြီလို့ ကလပ်အသင်းက ကြေညာချက်ထုတ်ပြီး အတည်ပြုခဲ့ပါတယ်။

ပိုချက်တီနိုဟာ အသင်းပူးတွဲပိုင်ရှင်၊ အားကစားဒါရိုက်တာတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်အပြီးမှာ ချယ်လ်ဆီး အသင်းကနေ ထွက်ခွာခဲ့တာပါ။ 

အာဂျင်တီးနားလူမျိုး နည်းပြဟာ ဒီရာသီမှာ ချယ်လ်ဆီးအသင်းရဲ့ ရလဒ်တွေ မတည်မငြိမ်မှုကြောင့် ထုတ်ပယ် ခံရမယ့်သတင်းတွေ မကြာခဏ ထွက်ပေါ်ခဲ့ပေမယ့် အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၆ နေရာနဲ့ ရာသီအဆုံးသတ်နိုင်အောင် ကိုင်တွယ်ပေးနိုင်ခဲ့ပါတယ်။ 

ပိုချက်တီနိုဟာ ချယ်လ်ဆီးအသင်းကို ပရီးမီးယားလိဂ် ပြိုင်ပွဲကနေ ဥရောပဝင်ခွင့် ရရှိအောင် ကိုင်တွယ်ပေးနိုင် ခဲ့သလို ကာရာဘောင်းဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲနဲ့ FA ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် ရောက်ရှိအောင် ပို့ဆောင် ပေးနိုင်ခဲ့တာပါ။ 

ဒါပေမယ့် ချယ်လ်ဆီးအသင်းနဲ့ စာချုပ် ၁ နှစ်သာ ကျန်ရှိတော့တဲ့ ပိုချက်တီနိုဟာ နှစ်ဦးသဘောတူညီမှုနဲ့ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

 ပိုချက်တီနိုကို တွေ့ရစဉ်

ပိုချက်တီနိုက "ချယ်လ်ဆီးအသင်း ဘောလုံးသမိုင်းမှာ ပါဝင်ခွင့်ရခဲ့တဲ့ အခွင့်အရေးအတွက် အသင်းပိုင်ရှင်အဖွဲ့နဲ့ အားကစားဒါရိုက်တာတွေကို ကျေးဇူးတင်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ လာမယ့်နှစ်တွေမှာ ပရီးမီးယားလိဂ်နဲ့ ဥရောပပြိုင်ပွဲမှာ ရှေ့ဆက်သွားနိုင်ဖို့ ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေတယ်"လို့ ပြောပါတယ်။

ချယ်လ်ဆီးအသင်းဟာ နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ လူငယ်နည်းပြတွေဖြစ်တဲ့ အစ်စဝှချ်အသင်းနည်းပြ မက်ကန်နာ၊ ဘရိုက်တန်အသင်း နည်းပြဟောင်း ဒီဇာဘီနဲ့ စပို့တင်းလစ္စဘွန်း အသင်းနည်းပြ အေမိုရင်မ်တို့ကို ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

Source: ESPN