CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၅

စပါးအသင်းနဲ့ ချယ်လ်ဆီးအသင်း နည်းပြဟောင်း ပိုချက်တီနိုဟာ အမေရိကန်အသင်းကို ကိုင်တွယ်ဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ The Athletic က ဖော်ပြထားပါတယ်။ 

အမေရိကန်အသင်းဟာ ပြီးခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ရလဒ်တွေ ဆိုးရွားခဲ့ပြီး အုပ်စုကနေ ထွက်ခွာခဲ့ရ တာကြောင့် အမေရိကန်ဘောလုံးအဖွဲ့ချုပ်ဟာ နည်းပြဖြစ်သူ ဘာဟယ်လ်တာကို ရာထူးက ထုတ်ပယ်ခဲ့တာပါ။ 

အမေရိကန်ဘောလုံးအဖွဲ့ချုပ်ဟာ လက်ရွေးစင် အမျိုးသားအသင်းကို ကိုင်တွယ်ဖို့ နာမည်ကြီး နည်းပြတွေကို ရှာဖွေနေတာ ဖြစ်ပါတယ်။

မက္ကဆီကို၊ ကနေဒါတို့နဲ့ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမေရိကန်အသင်း အောင်မြင်မှုတွေ ရယူနိုင်ဖို့အတွက် အမေရိကန်ဘောလုံးအဖွဲ့ချုပ်ဟာ နာမည်ကြီးနည်းပြအချို့နဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့တာပါ။ 

အမေရိကန်အသင်း နည်းပြရာထူးအတွက် နည်းပြလောင်း စာရင်းထဲမှာ ကလော့ပ်၊ ဒယ်လာဖွန်တေး၊ ဗီအဲရာ၊ မာတာရာဇိုနဲ့ ပိုချက်တီနိုတို့ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ 

အမေရိကန်အသင်းကိုတွေ့ရစဉ်

နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းမှာ ပိုချက်တီနိုဟာ အမေရိကန်နည်းပြ ရာထူးအတွက် စာချုပ်ထဲမှာ လက်မှတ် ထိုးခဲ့တယ်လို့ ဖော်ပြထားတာပါ။ 

ပိုချက်တီနိုဟာ နိုင်ငံအသင်းတစ်သင်းကို ပထမဆုံးကိုင်တွယ်မှာ ဖြစ်ပေမယ့် နည်းပြလောကမှာ အတွေ့အကြုံ အများအပြားရှိတဲ့သူ ဖြစ်ပါတယ်။ 

ပိုချက်တီနိုဟာ အက်စ်ပန်ညိုအသင်းမှာ နည်းပြဘဝ စတင်ခဲ့ပြီး ဆောက်သမ်တန်၊ စပါးအသင်း၊ ပီအက်စ်ဂျီနဲ့ ချယ်လ်ဆီးအသင်းတို့ကို ကိုင်တွယ်ခဲ့တာပါ။

ပိုချက်တီနိုဟာ နည်းပြဘဝမှာ ပီအက်စ်ဂျီအသင်းနဲ့သာ ဆုဖလား အောင်မြင်မှု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

အခုအချိန်မှာတော့ ပိုချက်တီနိုဟာ အမေရိကန်အသင်းကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှု ရရှိအောင် လုပ်ဆောင်ပေးရတော့မှာပါ။ 

အမေရိကန်အသင်းဟာ လာမယ့် စက်တင်ဘာမှာ ကနေဒါ၊ နယူးဇီလန်အသင်းတို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်မှာဖြစ်ပြီး ဒီပွဲတွေဟာ ပိုချက်တီနိုအတွက် အမေရိကန်အသင်းနည်းပြဘဝ ပထမဆုံးပွဲတွေ ဖြစ်လာမယ်လို့ သိရပါတယ်။

Source: Goal