CNI Sport News

 ၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၆

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က အသင်းဟာ ရာသီသစ်အတွက် အဆင်သင့် မဖြစ်သေးဘူးလို့ ဖူလ်ဟမ်အသင်းနဲ့ကစားမယ့် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မတိုင်ခင် ပြောလိုက်ပါတယ်။

အဲရစ်တန်ဟတ်က “ကစားသမားတွေအတွက် အချိန်ပိုပြီးလိုလားဆိုရင် ဒါဟာအမှန်ပါပဲ။ အမေရိကန်ခရီးစဉ်က လူစာရင်း၊ ယူရို၊ ကိုပါအမေရိကပြိုင်ပွဲက ပြန်ရောက်လာတဲ့ ကစားသမားတွေ၊ ကစားသမားအသစ်တွေနဲ့ ကျနော် တို့ဟာ အသင်းဖွဲ့ရမှာပါ။ အသင်းက အဆင်သင့် မဖြစ်သေးပေမယ့် လိဂ်ပြိုင်ပွဲက စတင်ပါပြီ။ အခြားနည်းပြတွေ မှာလည်း ဒီလိုပြဿနာတွေရှိမှာပါ။ ကျနော်တို့ဟာ ဒီအခြေအနေတွေကို ရင်ဆိုင်ကိုင်တွယ်သွားရမှာပါ”လို့ ပြောခဲ့ တာပါ။ 

ယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမားအများစုဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲနဲ့ ကိုပါအမေရိကဖလား ပြိုင်ပွဲ ယှဉ်ပြိုင်ထားလို့ အသင်းနဲ့ ပူးပေါင်းတာ ရက်အနည်းငယ်ပဲရှိသေးတာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် ကစားသမားတွေအားလုံး စုပေါင်းပြီး လေ့ကျင့်မှုပြုလုပ်ခဲ့ရတဲ့ အချိန်နည်းပါးတဲ့အတွက် နည်းပြ အဲရစ်တန်ဟတ်က စိုးရိမ်မှုတွေ ရှိနေတာပါ။ 

အဲရစ်တန်ဟတ်ကို တွေ့ရစဉ်

ပြီးခဲ့တဲ့ရက်ပိုင်းက ဘိုင်ယန်မြူးနစ်အသင်းကနေ ခေါ်ယူထားတဲ့ ဒီလစ်နဲ့ မက်ဇ်ရာအူရီတို့ဟာ ဖူလ်ဟမ်အသင်းနဲ့ ပွဲမှာ ပါဝင်မယ်လို့ ဒတ်ချ်လူမျိုးနည်းပြက အတည်ပြုထားပါတယ်။

အဲရစ်တန်ဟတ်က “ကစားသမားသစ်တွေ လူစာရင်းထဲ ပါဝင်မှာဖြစ်ပြီး မက်ဂွဲယားလည်း ပါဝင်လာမှာပါ။ ကျနော် တို့မှာ ကောင်းမွန်တဲ့ အစုအဖွဲ့ရှိပြီး အတောင့်တင်းဆုံး လူစာရင်းကို ရွေးချယ်အသုံးပြုသွားမှာပါ။ ကျနော်တို့ရဲ့ ပစ်မှတ်၊ ကျနော်တို့ရဲ့ ဦးတည်ချက်ကို သိပါတယ်။ ကျနော်တို့ရဲ့ မျှော်မှန်းချက်ဟာ အမြဲတမ်းမြင့်မားပြီး ဆုဖလား တွေ ရယူချင်ပါတယ်”လို့ ပြောခဲ့တာပါ။ 

မန်ယူနိုက်တက်အသင်းရဲ့ ဘယ်နောက်ခံလူတွေဖြစ်တဲ့ လုပ်ခ်ရှောနဲ့ မာလာစီယာတို့ဟာ ဖူလ်ဟမ်အသင်းနဲ့ ပွဲစဉ်ကို လွဲချော်မှာဖြစ်လို့ နည်းပြ အဲရစ်တန်ဟတ်ဟာ နောက်ခံလူသစ် မက်ဇ်ရာအူရီကို ဘယ်နောက်ခံလူအဖြစ် အသုံးပြုလာဖွယ် ရှိပါတယ်။ 

ယူနိုက်တက်နဲ့ ဖူလ်ဟမ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်ကို သြဂုတ် ၁၇ ရက် မနက်ပိုင်းမှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ 

Source: Metro