CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က အသင်းအနေနဲ့ ထိပ်ဆုံး ၄ သင်းထဲကို ဝင်ရောက်ချင်တယ်ဆိုရင် အဆုံးသတ်ပိုင်း ပိုပြီးကောင်းအောင်လုပ်ဖို့ လူတန်အသင်းနဲ့ ပွဲအပြီးမှာ ကစားသမားတွေကို ပြောလိုက်ပါတယ်။

အဲရစ်တန်ဟတ်က “ကျနော်တို့ ဒီပွဲမှာ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ပါဘူး။ ကျနော်တို့ ဒီထက်ပိုပြီး ဂိုးတွေ အများကြီး သွင်းယူသင့်တယ်လို့ ထင်ပါတယ်။ ဒီပွဲမှာ ကျနော်တို့ အခွင့်အရေးအများကြီး ရရှိခဲ့ပြီး ဂိုးတွေလည်း ပိုပြီးသွင်းသင့်ပါတယ်။ ကျနော်တို့ အဆုံးသတ်ပိုင်း ပိုကောင်းဖို့လိုအပ်ပြီး ဂိုးအများအပြား သွင်းယူရမှာပါ”လို့ ပြော ခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ လူတန်အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ တိုက်စစ်မှူး ဟော့ဂျ်လန်းရဲ့ ပွဲကစားချိန် ၇ မိနစ် အတွင်း သွင်းယူခဲ့တဲ့ ၂ ဂိုးကြောင့် ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ 

လူတန်အသင်းအတွက် ချေပဂိုးကို မော်ရစ် သွင်းယူပြီးနောက်မှာ ယူနိုက်တက်အသင်းဟာ ဂိုးရနိုင်မယ့် ကြီးမားတဲ့ အခွင့်အရေးတွေ ရခဲ့ပေမယ့် ဟော့ဂျ်လန်း၊ ဂါနာချိုနဲ့ ဘရူနိုဖာနန်ဒက်စ်တို့ အသုံးမချနိုင်ခဲ့လို့ ယူနိုက်တက်အသင်း ဟာ ဂိုးပြတ်နိုင်ပွဲ မရရှိခဲ့တာပါ။

 ယူနိုက်တက်အသင်းကို တွေ့ရစဉ်

ဒီပွဲမှာ ယူနိုက်တက်အသင်းအတွက် ၂ ဂိုး သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ဟော့ဂျ်လန်းဟာ ပရီးမီးယားလိဂ် သမိုင်း တစ်လျှောက် ၆ ပွဲ ဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းရေးထိုး နိုင်ခဲ့ပါ တယ်။ 

နည်းပြ အဲရစ်တန်ဟတ်ကတော့ ဟော့ဂျ်လန်းဆီကနေ နောက်ထပ် သွင်းဂိုးတွေ အများကြီး ထပ်ပြီးရရှိဦးမယ်လို့ ပြောခဲ့ပါတယ်။

အဲရစ်တန်ဟတ်က “သူက တိုက်ခိုက်ရေး သမားဖြစ်ပြီး ဂိုးရှေ့မှာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ရှိပါတယ်။ သူဟာ ဂိုးမသွင်းနိုင်လို့ စိတ်ဓါတ်ကျနေမယ့်သူ မဟုတ်ပါဘူး။ သူ့မှာ ယုံကြည်မှုတွေ အများကြီးရှိနေပြီး သူဒီထက် ပိုပြီး ဂိုးတွေအများကြီး သွင်းယူနိုင်မယ်ဆိုတာ ကျနော်ယုံကြည်တယ်”လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ဒီနိုင်ပွဲကြောင့် နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲစလုံး အနိုင်ရခဲ့ပြီး အမှတ်ပေး ဇယားအဆင့် ၆ နေရာမှာ ရပ်တည်နေကာ အဆင့် ၄ နေရာက ဗီလာအသင်းနဲ့ ၅ မှတ်ကွာဟနေပါတယ်။ 

ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: Daily Mail