CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၅

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ချယ်လ်ဆီးအသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ အသင်းကစားသမား တွေဟာ တစ်ဦးချင်းအမှားတွေ ပြုလုပ်ခဲ့တယ်လို့ ပြောလိုက်ပါတယ်။

အဲရစ်တန်ဟတ်က “ယူနိုက်တက်အသင်းဟာ ဒီပွဲကို ကြီးစိုးထားနိုင်ခဲ့ပေမယ့် တစ်ဦးချင်း အမှားတွေကြောင့် ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။ ကျနော်တို့ဟာ ဒီကနေ သင်ယူမှုတွေ ပြုလုပ်ရမှာပါ။ ယူနိုက်တက် ကစားသမားတွေ အနေနဲ့ ဒီအခြေအနေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သိသင့်ပါတယ်။ အနိုင်ရသင့်တဲ့ပွဲကို အနိုင်မရခဲ့တာ ကြောင့် ကျနော် စိတ်ပျက်မိပါတယ်။ ၅ ရက်အတွင်းမှာ ရမှတ် ၅ မှတ်လျော့သွားခဲ့ပြီး ဒါက လက်ခံနိုင်စရာ မရှိဘူး”လို့ ပြောပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ ချယ်လ်ဆီးအသင်းကို ၄ ဂိုး-၃ ဂိုးနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ ယူနိုက်တက်အသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ ဦးဆောင်ဂိုး ၂ ဂိုးကို ပြန်ချေပပြီး ဦးဆောင်ဂိုးပါ သွင်းယူကာ နာကျင်အချိန်ပို ၉၉ မိနစ်အထိ ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရရှိနေခဲ့တာပါ။

ဒါပေမယ့် မိနစ် ၁၀၀ နဲ့ ၁၀၁ မိနစ်မှာ ချယ်လ်ဆီးအသင်းက ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူခဲ့တာကြောင့် ယူနိုက်တက်အသင်း ရှုံးပွဲကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ ချယ်လ်ဆီးအသင်းအတွက် ဂိုးတွေကို ကိုးလ်ပါလ်မာက ဟက်ထရစ်နဲ့ ဂယ်လာဂါက ၁ ဂိုးသွင်းယူခဲ့ကာ ယူနိုက်တက်အသင်းအတွက် ဂိုးတွေကို ဂါနာချိုက ၂ ဂိုးနဲ့ ဘရူနိုဖာနန်ဒက်စ်က ၁ ဂိုးသွင်းယူခဲ့ပါတယ်။ 

 ယူနိုက်တက်အသင်းနဲ့ ချယ်လ်ဆီးအသင်း ယှဉ်ပြိုင်နေစဉ်

ယူနိုက်တက်အသင်းဟာ ဒီရှုံးပွဲကြောင့် ပရီးမီးယားလိဂ် ပွဲစဉ်ကစားဖို့ ၈ ပွဲသာကျန်ရှိတော့တဲ့ အချိန်မှာ အဆင့် ၄ နေရာက အက်စတွန်ဗီလာအသင်းနဲ့ ၁၁ မှတ်၊ အဆင့် ၅ နေရာက စပါးအသင်းနဲ့ ၉ မှတ်အကွာ အဆင့် ၆ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

အနိုင်ရရှိခဲ့တဲ့ ချယ်လ်ဆီးအသင်းကတော့ ပရီးမီးယားလိဂ်အဆင့် ၁၀ နေရာမှာ ရပ်တည်နေပေမယ့် အဆင့် ၆ နေရာက ယူနိုက်တက်အသင်းနဲ့ ၅ မှတ်သာ ကွာဟတော့တာပါ။ 

ဒီရာသီမှာ ဒဏ်ရာပြဿနာနှိပ်စက်နေတဲ့ ယူနိုက်တက်အသင်းဟာ ချယ်လ်ဆီးအသင်းနဲ့ပွဲစဉ်မှာလည်း နောက်ခံလူတွေဖြစ်တဲ့ ဗာရန်း၊ အီဗန်စ်နဲ့ ကွင်းလယ်လူ ကတ်စမဲရိုးတို့ ဒဏ်ရာရရှိသွားခဲ့တာကြောင့် လူစားလဲခဲ့ရပါတယ်။ 

ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ချယ်လ်ဆီးအသင်းက ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: ESPN