CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၈

ဖိအားတွေအောက် ကျရောက်နေတဲ့ ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက ဘရန်ဖို့ဒ်အသင်းနဲ့ သရေကျ ခဲ့တဲ့ပွဲမှာ ပရိသတ်တွေ စိတ်ပျက်ခဲ့တဲ့အရာကို နားလည်တယ်လို့ ပြောခဲ့ပါတယ်။

ပိုချက်တီနိုက “ပရိသတ်တွေရဲ့ စိတ်ပျက်မှုကို ကျနော်တို့ လက်ခံဖို့လိုပါတယ်။ ကျနော်လည်း ပရိသတ်ဖြစ်ခဲ့ရင် ဒီလိုပဲဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ဟာ မျှော်လင့်ထားတဲ့ အရာတွေနဲ့ ကိုက်ညီမှုမရှိလို့ပါ။ ကျနော်တို့ရဲ့ စွမ်းဆောင်ရည်အတွက် ကျနော်တို့ကိုယ်တိုင် တာဝန်ယူရမှာဖြစ်ပြီး တိုးတက်မှုရှိအောင် ကြိုးစား သွားရမယ်”လို့ပြောခဲ့တာပါ။

ဘရန်ဖို့ဒ်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်း ပရိသတ်အချို့ဟာ နည်းပြ ဟောင်း မော်ရင်ဟိုရဲ့ နာမည်ကို အော်ဟစ်ခဲ့ကြတာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၀ ပွဲသာ အနိုင်ရပြီး အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရပ်တည်နေတာကြောင့် နည်းပြ ပိုချက်တီနိုဟာ ဖိအားဒဏ်တွေကို ခံစားနေရတာပါ။ 

ချယ်လ်ဆီးအသင်းဟာ ပိုင်ရှင်သစ် တော့ဒ်ဘိုလီဦးဆောင်တဲ့ အစုအဖွဲ့ တာဝန်ယူပြီးကတည်းက ပြောင်းရွှေ့ကြေး ပေါင် ၁ ဘီလီယံကျော် သုံးစွဲပြီး ကစားသမားသစ်တွေ အားဖြည့်ခဲ့ပေမယ့် ရလဒ်ပိုင်းတွေက တိုးတက်မှုမရှိခဲ့တာ ဖြစ်ပါတယ်။

ချယ်လ်ဆီးနဲ့ ဘရန်ဖို့ဒ် ယှဉ်ပြိုင်နေစဉ်

အဲဒါကြောင့် Sky Sporst ရဲ့ ဘောလုံးပွဲ ဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ဂယ်ရီနဗီးလ်က လီဗာပူးလ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ဗိုလ်လုပွဲအပြီးမှာ ချယ်လ်ဆီးအသင်းကို အသုံးမကျတဲ့ အသင်းအဖြစ် ပြောသွားခဲ့တာပါ။ 

ချယ်လ်ဆီးအသင်းဟာ ဒီရာသီမှာ ထိပ်ဆုံး ၄ သင်းဝင်ဖို့ထက် တန်းဆင်းဇုန်နဲ့ ပိုပြီး နီးကပ်နေတာကြောင့် လာမယ့်ပွဲတွေမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။

ပိုချက်တီနိုက “ကျနော်တို့ဟာ အဆိုးမြင်တဲ့ အရာတွေကို ခံစားနေရပေမယ့် ယုံကြည်မှုကို ရပ်တန့်လို့မရပါဘူး။ ဆက်လက် ယုံကြည်မှုရှိပြီး ကြိုးစားရမှာပါ။ ကျနော်တို့ဟာ အောင်မြင်နိုင်တယ်လို့ ယုံကြည်မှုရှိပြီး ပရိသတ်တွေ ကို လိုအပ်ပါတယ်။ ပရိသတ်တွေက ကျနော်တို့ နိုင်ပွဲပြန်လည်ရရှိအောင် ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါက ကျနော်တို့ ကစားသမားတွေအတွက် အရေးကြီးပါတယ်”လို့ ပြောခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: BBC