CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၈

မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းက လီဗာပူးလ်အသင်းနောက်ခံလူ အာနိုးလ်အနေနဲ့ ဆုဖလား ၃ လုံး ရယူနိုင်တဲ့ ခံစားချက်ကို သိမှာမဟုတ်ဘူးလို့ သူတို့ကို ထိုးနှက်ခဲ့တဲ့အပေါ် ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။

ဟာလန်းက “အာနိုးလ်အနေနဲ့ သူပြောချင်တာကို ပြောလို့ရပါတယ်။ ကျနော် ဒီအသင်းမှာ တစ်နှစ်ရှိခဲ့ပြီး ဆုဖလား ၃ လုံး ရယူနိုင်ခဲ့ပါတယ်။ ဒါဟာ အလွန်ကောင်းမွန်တဲ့ ခံစားချက်ပါပဲ။ ဒီခံစားချက်ကို သူသိမှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ရာသီက ဆုဖလား ၃ လုံး ရယူနိုင်တာကို ခံစားရတာ အလွန်ကောင်းပါတယ်”လို့ Sky Sports ကို ပြောခဲ့ ပါတယ်။

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်၊ FA ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ရယူနိုင်ခဲ့တာဖြစ်ပြီး အင်္ဂလန်ကလပ်တွေထဲမှာ ယူနိုက်တက်အသင်းပြီးရင် ဒီလိုအောင်မြင်မှုမျိုး ရယူနိုင်တဲ့ ဒုတိယမြောက်အသင်း အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ 

မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတို့ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားနဲ့ပတ်သက်ပြီး အပြိုင်အဆိုင်ဖြစ်ခဲ့ကြပြီး ဒီရာသီမှာလည်း အမှတ်ပေးလိဂ်အတွက် တိုက်ပွဲဝင်ချင်နေကြတာပါ။

 မန်စီးတီးနဲ့ လီဗာပူးလ် ယှဉ်ပြိုင်နေစဉ်

လီဗာပူးလ်အသင်း နောက်ခံလူ အာနိုးလ်က မန်စီးတီးအသင်း ရယူနိုင်ခဲ့တဲ့ ဆုဖလားတွေထက် သူတို့ရယူနိုင်ခဲ့တဲ့ ဆုဖလားတွေက ပိုပြီးအဓိပ္ပါယ်ရှိတယ်လို့ Four Four Two မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

အာနိုးလ်က “မန်စီးတီးက ကျနော်တို့ထက် ဆုဖလားတွေပိုရခဲ့ပြီး ပိုအောင်မြင်ခဲ့ပေမယ့် ကလပ် ၂ သင်းရဲ့ ဘဏ္ဍာရေး အခြေအနေတွေအရ ကျနော်တို့ရယူနိုင်ခဲ့တဲ့ ဆုဖလားတွေက ကျနော်တို့နဲ့ ပရိသတ်တွေအတွက် ပိုပြီး အဓိပ္ပါယ်ရှိပါတယ်။ အနိုင်ရဖို့ တည်ဆောက်ထားတဲ့ စက်တွေကို ကျနော်တို့ ဆန့်ကျင်ပါတယ်။ ဒါက မန်စီးတီးနဲ့ သူတို့ရဲ့ အဖွဲ့အစည်းကိုဖော်ပြဖို့ အရိုးရှင်းဆုံးနည်းလမ်းပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ဂွာဒီယိုလာ လက်ထက်မှာ ဆုဖလား ၁၄ ခု ရယူနိုင်ခဲ့ပြီး လီဗာပူးလ်အသင်းဟာ ကလော့ပ် လက်ထက်မှာ ဆုဖလား ၇ ခု ရယူနိုင်ခဲ့တာပါ။ လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတို့ဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ထိပ်တိုက်တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

Source: ESPN