CNI Sport News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၀

မန်စီးတီးအသင်း တိုက်စစ်မှူး ဟာလန်းက အာဆင်နယ်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပြိုင်ဘက်နောက်ခံလူ ဂါဘရီရယ်လ်ရဲ့ဦးခေါင်းကို ဘောလုံးနဲ့ပစ်ပေါက်ခဲ့တဲ့အပေါ် နောင်တမရဘူးလို့ ပြောခဲ့ ပါတယ်။ 

ဟာလန်းက “ပွဲဆူနေတဲ့ အခိုက်အတန့်တွေနဲ့ ဒီပွဲမှာ အဖြစ်အပျက်တွေ အများကြီးဖြစ်ခဲ့ပါတယ်။ ကွင်းထဲမှာ ဖြစ်ပျက်ခဲ့တဲ့အရာတွေက ကွင်းထဲမှာပဲ ရှိနေရမှာပါ။ ဘောလုံးနဲ့ပစ်ပေါက်ခဲ့တဲ့အပေါ် နောင်တရလားဆိုရင်တော့ ကျနော့်ဘဝမှာ အများကြီး နောင်တရစရာမရှိပါဘူး”လို့ ပြောခဲ့တာပါ။ 

ဒီပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် ဂျွန်စတုန်းစ်က အဖိုးတန်ချေပဂိုး သွင်းယူအပြီးမှာ ဟာလန်းဟာ ဘောလုံးကို ကောက်ယူကာ စိတ်ပျက်နေတဲ့ ဂါဘရီရယ်လ်ရဲ့ဦးခေါင်းကို ပစ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

ဒီရုပ်သံဖိုင်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့ခဲ့ပေမယ့် ဟာလန်းဟာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ရဲ့ အရေးယူမှု ကနေ လွတ်မြောက်ခဲ့တာပါ။

ဟာလန်းဟာ ဒီပွဲအပြီးမှာ အာဆင်နယ်အသင်းနည်းပြ အာတီတာ၊ တိုက်စစ်မှူး ဂျီးဆပ်စ်တို့နဲ့ ထိပ်တိုက်တွေ့ဆုံမှု တွေလည်း ရှိခဲ့တာဖြစ်ပါတယ်။ 

 ဟာလန်းကို တွေ့ရစဉ်

ဟာလန်းဟာ သူ့ရဲ့အပြုအမူတွေကြောင့် အာဆင်နယ်အသင်း တိုက်စစ်မှူးဟောင်း အီယန်ရိုက်ရဲ့ ဝေဖန်မှုတွေ လည်း ခံခဲ့ရတာပါ။ 

မန်စီးတီးအသင်း တိုက်စစ်မှူးဟာ သူ့အပေါ်မှာ ဝေဖန်မှုတွေ ရှိခဲ့ပေမယ့် သူကတော့ ဒီလုပ်ရပ်အပေါ် နောင်တ မရဘူးလို့ ပြောခဲ့တာဖြစ်ပါတယ်။

ဟာလန်းဟာ လက်ရှိအချိန်မှာ နေးရှင်းလိဂ် ပွဲတွေကစားမယ့် နော်ဝေအသင်းနဲ့ လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ် နေပြီး အသင်းခေါင်းဆောင် အိုဒီဂတ်ရဲ့ဒဏ်ရာကြောင့် သူဟာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူရမှာပါ။ 

နော်ဝေအသင်းဟာ နေးရှင်းလိဂ် ပွဲစဉ်တွေအဖြစ် ဆလိုဗေးနီးယား၊ သြစတြီးယားအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဖွင့်ပွဲစဉ် ၂ ပွဲမှာ ရမှတ် ၄ မှတ်ရရှိထားတာ ဖြစ်ပါတယ်။ 

Source: Metro