CNI Sport News

၂၀၂၆ ခုနှစ်၊ မေလ ၁၄

မန်စီးတီးအသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကို အနိုင်ရပြီး အာဆင်နယ်အသင်းနဲ့ အမှတ်ကွာဟမှုကို ၂ မှတ် အထိ လျှော့ချနိုင်ခဲ့ပေမယ့် နည်းပြဂွာဒီယိုလာက ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုက အာဆင်နယ် အသင်း အပေါ်မှာ မူတည်တယ်လို့ ပြောခဲ့ပါတယ်။ 

ဂွာဒီယိုလာက “ဒါက အာဆင်နယ်အသင်းအပေါ်မှာ မူတည်ပြီး သူတို့ ၂ ပွဲနိုင်ရင် ဘာမှလုပ်စရာမရှိသလို၊ ဘာမှ ပြောစရာလည်း မရှိပါဘူး။ ကျနော်တို့ လုပ်နိုင်တာက ဒီနေရာမှာ ဆက်ပြီးရှိနေဖို့ပါပဲ။ နောက်ဆုံး ၂ ပွဲက ခက်ခဲ ပါတယ်။ အခုအချိန်မှာ ကျနော်တို့ဟာ အမြန်ဆုံးအိပ်ပြီး FA ဖလား ဗိုလ်လုပွဲအတွက် ပြင်ဆင်ဖို့ပဲ ရှိတာပါ။ ဒါက ကျနော်တို့ လုပ်ရမယ့်အရာပါ”လို့ ပြောခဲ့တာပါ။ 

မန်စီးတီးအသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ပွဲကျန်မှာ ဟာလန်းကို အနားပေးခဲ့ပြီး ဒိုကူနဲ့ချာကီတို့ကို လူစားဝင်အဖြစ် အသုံးပြုခဲ့ပေမယ့် ၃ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် လက်ကျန်ပွဲတွေအဖြစ် ဘုန်းမောက်၊ အက်စတွန်ဗီလာအသင်းတို့နဲ့ ယှဉ်ပြိုင် ရမှာဖြစ်ပြီး ဒီပွဲတွေမတိုင်မီ ချယ်လ်ဆီးအသင်းနဲ့ FA ဖလား ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာပါ။ 

မန်စီးတီးအသင်း ယှဉ်ပြိုင်နေစဉ်

အာဆင်နယ်အသင်းကတော့ ပရီးမီးယားလိဂ် လက်ကျန်ပွဲတွေအဖြစ် ဘန်လေ၊ ခရစ္စတယ်ပဲလေ့စ်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီ ၂ ပွဲစလုံး နိုင်ပွဲရယူနိုင်ရင် ချန်ပီယံဆုကို ရယူနိုင်မှာဖြစ်ပါတယ်။ 

အဲ့ဒါကြောင့် မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုက အာဆင်နယ်အသင်းအပေါ်မှာ မူတည်တယ်လို့ ပြောခဲ့တာပါ။ 

မန်စီးတီးအသင်းဟာ ရာသီရဲ့ နောက်ဆုံးအပတ်မှာ ၃ ပွဲ ကစားရမှာဖြစ်လို့ အသင်းလူစာရင်းကို အလှည့်ကျ အသုံးပြုသွားမယ်လို့လည်း ဂွာဒီယိုလာက ပြောခဲ့ပါတယ်။ 

ဒါ့အပြင် ဂွာဒီယိုလာက ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် FA ဖလား ဗိုလ်လုပွဲအတွက် သူတို့ဟာ အနိုင်ရယူဖို့ ဝင်ဘာလေကို သွားမှာဖြစ်ပြီး အနိုင်ရဖို့ အကောင်းဆုံး ကြိုးစားသွားမယ်လို့ ပြောခဲ့ပါတယ်။ 

Source: ESPN