CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၇

စပိန်လူမျိုးနည်းပြ ဂွာဒီယိုလာဟာ အသင်းဟောင်း ဘိုင်ယန်မြူးနစ်အသင်းထံ ပြန်သွားဖွယ်ရှိတယ်လို့ ကောလာဟလ သတင်းတွေ ထွက်နေပေမယ့် မန်စီးတီးအသင်းမှာ အနိမ့်ဆုံး လာမယ့်ရာသီအထိ ဆက်ရှိမယ်လို့ သူ့ရဲ့အတိုင်ပင်ခံ အေဂျင်စီက ပြောခဲ့ပါတယ်။

အတိုင်ပင်ခံအေဂျင်စီ Tacticgrup က “ဂွာဒီယိုလာရဲ့ နှလုံးသားထဲမှာ ဘိုင်ယန်မြူးနစ်ရှိပေမယ့် သူဟာ လာမယ့် နွေရာသီမှာ မန်စီးတီးအသင်းကနေ ထွက်ခွာမှာ မဟုတ်ပါဘူး။ သူဟာ မန်စီးတီးအသင်းမှာ အလွန်ပျော်ရွှင်နေပြီး စာချုပ်ကလည်း ၂၀၂၅ ခုနှစ်အထိရှိပါတယ်။ ဘိုင်ယန်ပြန်သွားဖို့က ရွေးချယ်စရာ မဟုတ်ပါဘူး”လို့ ပြောခဲ့တာပါ။

ဂွာဒီယိုလာဟာ မန်စီးတီးအသင်းနဲ့အတူ အင်္ဂလန်မှာ အောင်မြင်မှုတွေ အများကြီး ရယူထားသလို ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတိုင်းမှာလည်း ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာ ဘိုင်ယန်မြူးနစ်အသင်းဟာ နည်းပြသစ် ရှာဖွေနေတာကြောင့် ဂွာဒီယိုလာနဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။ 

ဂွာဒီယိုလာကို တွေ့ရစဉ်

ဂွာဒီယိုလာဟာ ဘိုင်ယန်မြူးနစ်အသင်းကို ၂၀၁၃ ကနေ ၂၀၁၆ ခုနှစ် ရာသီအကုန်ထိ ကိုင်တွယ်ခဲ့ပြီး ဒီနောက်ပိုင်းမှာ မန်စီးတီးအသင်းထံ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ရာသီအကုန်မှာ ထွက်ခွာမယ့် တူချယ်လ်ရဲ့ နေရာ အစားထိုးဖို့အတွက် ဇာဘီ အလွန်ဆို၊ နာဂျယ်လ်စမန်း၊ ရက်ဂ်နစ်တို့ကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အဆင်မပြေ ခဲ့တာပါ။ 

အဲဒါကြောင့် ဂျာမန်ကလပ်ဟာ နည်းပြသစ် ရှာဖွေနေပြီး ဂွာဒီယိုလာကလည်း မန်စီးတီးအသင်းနဲ့ စာချုပ် တစ်နှစ်သာ ကျန်ရှိတော့တာကြောင့် ဘိုင်ယန်မြူးနစ်အသင်းထံ ပြန်သွားနိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဂွာဒီယိုလာရဲ့ အေဂျင်စီကတော့ သူတို့ရဲ့နည်းပြဟာ ချုပ်ဆိုထားတဲ့ စာချုပ်ကို လေးစားဂုဏ်ယူတဲ့သူ ဖြစ်တယ်လို့ ပြောခဲ့တာပါ။ 

ဂွာဒီယိုလာဟာ ဒီရာသီမှာ မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်နဲ့ FA ဖလား ရယူပေးနိုင်ဖို့ ပစ်မှတ်ထားနေပြီး ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်စီးတီးအသင်းဟာ ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal