CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၁၄
အင်တာမီလန်အသင်းဟာ ကိုပါအီတာလီယာဖလား ဗိုလ်လုပွဲမှာ လာဇီယိုအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရကာ ဆုဖလား ရယူနိုင်ခဲ့ပြီးနောက် တစ်ရာသီအတွင်း ပြည်တွင်းဖလား ၂ ခု ရရှိခဲ့ပါတယ်။
မကြာသေးမီကမှ စီးရီးအေဖလား ရရှိခဲ့တဲ့ အင်တာမီလန်အသင်းဟာ ကိုပါအီတာလီယာဖလားကို ၁၀ ကြိမ် မြောက် ရယူနိုင်ခဲ့တာပါ။
အင်တာမီလန်အသင်းဟာ ၂၀၁၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ရာသီအတွင်းမှာ အမှတ်ပေး လိဂ်နဲ့ဖလား ၂ ခုစလုံးရယူကာ အီတလီဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။
အင်တာမီလန်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ စီးရီးအေဖလား လက်လွှတ်ခဲ့ရသလို ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ PSG အသင်းကို ဂိုးပြတ် အရေးနိမ့်ခဲ့တာပါ။
ဒီရာသီမှာလည်း အင်တာမီလန်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရပေမယ့် ပြည်တွင်း ပြိုင်ပွဲတွေမှာ အောင်မြင်မှု ရယူနိုင်ခဲ့ပါတယ်။

အင်တာမီလန်အသင်းကိုတွေ့ရစဉ်
အင်တာမီလန်အသင်း ခေါင်းဆောင် လောတရိုမာတီနက်ဇ်က “ကျနော်တို့ ရလဒ်ကောင်းတွေ၊ စွမ်းဆောင်ရည်နဲ့ ပြင်းထန်မှုကို ပြသနိုင်ခဲ့တာကြောင့် နောက်ထပ် ဆုဖလားတစ်ခုနဲ့ အဆုံးသတ်နိုင်ခဲ့လို့ ဂုဏ်ယူပါတယ်။ အင်တာမီလန်အသင်းအကြောင်း အမြဲတမ်း ပြောဆိုနေတဲ့ အရာတွေက အများကြီးရှိပေမယ့် နှစ်ပေါင်းများစွာ ကျနော်တို့ရခဲ့တဲ့ အောင်မြင်မှုတွေကို ကြည့်ရပါမယ်။ ကျနော်တို့ဟာ ဆုဖလား ရယူနိုင်မယ့် လမ်းကြောင်းအတိုင်း ဆက်သွားမှာပါ”လို့ Sport Mediaset ကို ပြောခဲ့ပါတယ်။
ဒါ့အပြင် လောတရိုမာတီနက်ဇ်က နည်းပြချီဗူးကို ၁၀ မှတ်မှာ ၁၀ မှတ်ပေးရမယ်လို့လည်း ပြောခဲ့တာပါ။
အင်ဇာဂီရဲ့နေရာမှာ အစားထိုး တာဝန်ယူခဲ့တဲ့ ချီဗူးဟာ သူ့ရဲ့ ပထမဆုံးရာသီမှာ အင်တာမီလန်အသင်းကို စီးရီးအေနဲ့ ကိုပါအီတာလီယာဖလား ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: CNA
