CNI Sport News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁

အင်တာမီလန်အသင်းဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်မှာ ဖလူမင်နန်စီအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် အသင်းခေါင်းဆောင် လောတရိုမာတီနက်ဇ်က အသင်းကို ဝေဖန်မှု ပြုလုပ်သွားခဲ့ပါတယ်။ 

လောတရိုမာတီနက်ဇ်က “ကျနော်ဟာ အဓိကဆုဖလားတွေအတွက် တိုက်ပွဲဝင်ချင်ပါတယ်။ အင်တာမီလန်မှာ ဆက်နေချင်တဲ့သူတိုင်းက ဒီအတွက် တိုက်ပွဲဝင်ကြရမှာပါ။ ဒါပေမယ့် မနေချင်တဲ့သူတွေကတော့ ထွက်သွား နိုင်ပါတယ်။ ကျနော်တို့ဟာ အသင်းမှာ ဆက်ရှိချင်တဲ့ ကစားသမားတွေကိုပဲ လိုချင်ပါတယ်။ ဒီလိုအရေးပါတဲ့ အင်္ကျီကို ဝတ်ဆင်ထားပြီဆိုရင် ထိပ်တန်းအဆင့် စိတ်ဓါတ်မျိုးရှိဖို့ လိုပါတယ်။ ဒါမှမဟုတ်ရင်တော့ ကျေးဇူးပြုပြီး ထွက်သွားပါ”လို့ ပြောခဲ့တာပါ။ 

ဒီပွဲမှာ အင်တာမီလန်အသင်းဟာ ဖလူမင်နန်စီအသင်းဘက်ကို ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် ထိရောက်တဲ့ ဂိုးပေါက် ခြိမ်းခြောက်မှု နည်းခဲ့တဲ့အတွက် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရ တာ ဖြစ်ပါတယ်။ 

ဘရာဇီးလ်ကလပ် ဖလူမင်နန်စီအသင်းအတွက် ဒီပွဲမှာ သွင်းဂိုးတွေကို ပွဲချိန် ၃ မိနစ်မှာ ကာနိုနဲ့ မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပို ၃ မိနစ်မှာ ဟာကူလက်စ်တို့က သွင်းယူခဲ့တာပါ။ 

အင်တာမီလန်အသင်း ယှဉ်ပြိုင်နေစဉ်

အင်တာမီလန်အသင်းဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ PSG အသင်းကို ၅ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အရေး နိမ့်ခဲ့သလို ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲကနေ ထွက်ခဲ့ရတဲ့အတွက် ဒီရာသီကို ဆုဖလားလက်မဲ့ အဖြစ်နဲ့ အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။ 

အင်တာမီလန်အသင်းခေါင်းဆောင် လောတရိုမာတီနက်ဇ်က အသင်းအတွက် ဆုဖလားတွေရရှိဖို့ တိုက်ပွဲဝင်မယ့် ကစားသမားတွေသာလိုချင်ပြီး ဆိုးရွားတဲ့ရာသီအတွက် အသင်းပရိသတ်တွေကို တောင်းပန်ကြောင်း ပြောခဲ့တာ ပါ။ 

ဒီပွဲမှာ ဖလူမင်နန်စီအသင်းကို အကောင်းဆုံး ဦးဆောင်ပြီး ကွာတားဖိုင်နယ် ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့တဲ့ အသင်းခေါင်းဆောင် သီယာဂိုဆေးလ်ဗားဟာ ပွဲအပြီးမှာ ငိုကြွေးပြီးအောင်ပွဲခံခဲ့ပါတယ်။ 

၂၀၂၅ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ဘရာဇီးလ်ကလပ်အသင်း ၄ သင်းထဲမှာ ဖလူမင်နန်စီနဲ့ ပါလ်မီးရပ်စ်အသင်းတို့ ကွာတားဖိုင်နယ်တက်ခဲ့ကြပြီး ဘိုတာဖိုဂိုနဲ့ ဖလာမင်ဂိုအသင်းတို့ ၁၆ သင်းအဆင့်ကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ 

Source: ESPN