CNI Sport News

၂၀၂၅ ခုနှစ်၊ ဇွန် ၃၀

လီဗာပူးလ်အသင်းဟာ အင်္ဂလန်နောက်ခံလူ ဂူဟီကို ခေါ်ယူနိုင်ဖို့အတွက် စကော့တလန် တောင်ပံကစားသမား ဘန်ဒုတ်နဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းကို ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ 

လီဗာပူးလ်အသင်းရဲ့ နောက်ခံလူ တစ်ဦးဖြစ်တဲ့ ကွမ်ဆာဟာ လေဗာကူဆင်အသင်းထံ ပြောင်းရွှေ့မှာ ဖြစ်တဲ့ အတွက် အသင်းဟာ သူ့ရဲ့နေရာမှာ အစားထိုးဖို့ ဂူဟီကို ခေါ်ယူချင်နေတာပါ။ 

ဂူဟီကို ခေါ်ယူဖို့ နယူးကာဆယ်အသင်း အပါအဝင် ပရီးမီးယားလိဂ် ကလပ်အသင်း အချို့ကလည်း စိတ်ဝင်စားနေ တာကြောင့် လီဗာပူးလ်အသင်းဟာ အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ သူတို့နဲ့ ယှဉ်ပြိုင်ရဖွယ်ရှိနေတာ ဖြစ်ပါတယ်။

The Sun က ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက မယ်ဒယ်ဘရော့အသင်းမှာ အငှားသွားရောက် ကစား ပြီး ခြေစွမ်းပြသနိုင်ခဲ့တဲ့ လီဗာပူးလ်အသင်း ကြယ်ပွင့်ဘန်ဒုတ်ကို ခေါ်ယူချင်နေတယ်လို့ ဖော်ပြထားတာပါ။ 

ဘန်ဒုတ်ကို တွေ့ရစဉ်

ဘန်ဒုတ်ဟာ မယ်ဒယ်ဘရော့အသင်းအတွက် ၃ ဂိုးသွင်းပြီး ၇ ဂိုးဖန်တီးနိုင်ခဲ့ပေမယ့် အသင်းကို ပရီးမီးယားလိဂ်ထံ တန်းပြန်တက်အောင်တော့ ကူညီပေးနိုင်ခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် လီဗာပူးလ်အသင်းဟာ ဂူဟီရဲ့ အပြောင်းအရွှေ့မှာ ဘန်ဒုတ်နဲ့ ကမ်းလှမ်းမှုပြုလုပ်ဖို့ ပြင်ဆင်နေ တာပါ။ 

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ အသင်းနဲ့ စာချုပ် ၁ နှစ်သာ ကျန်ရှိတော့တဲ့ ဂူဟီကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ သတ်မှတ်ထားပြီး ဒီနွေရာသီ အပြောင်းအရွှေ့မှာ မရောင်းချရင် လာမယ့်ရာသီကုန်ရင် အလွတ်နဲ့ ဆုံးရှုံးရမှာ ဖြစ်ပါတယ်။ 

လီဗာပူးလ်အသင်းဟာ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆု ဆက်ထိန်းဖို့နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှု ရယူနိုင်ဖို့အတွက် ကစားသမားသစ် အားဖြည့်မှုတွေကို ဆက်တိုက် ပြုလုပ်နေတာပါ။ 

လီဗာပူးလ်အသင်းဟာ လက်ရှိအချိန်ထိ ဖရင်ပေါင်၊ ဖလော်ရီယန်ဗစ်ဇ်၊ ကာကတ်ဇ်၊ ပီချီနဲ့ ဝုဒ်မန်းတို့ကို ခေါ်ယူ ထားပြီး တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူနိုင်ဖို့လည်း ကြိုးပမ်းနေပါတယ်။

လီဗာပူးလ်အသင်းဟာ လာမယ့် ဇူလိုင် ပထမအပတ်မှာ ရာသီကြိုလေ့ကျင့်မှု အစီအစဉ်တွေ စတင်ပြီး ဟောင်ကောင်နဲ့ ဂျပန်နိုင်ငံတွေမှာ ခြေစမ်းပွဲကစားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။  

Source: Goal