CNI Sport News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀

ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူး ဟာရီကိန်းက သူတို့ဟာ ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်တယ်လို့ ပြောပြီး ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ တွေ့ဆုံရမယ့် PSG အသင်းကို သတိပေးမှု ပြုလုပ်ခဲ့ပါတယ်။ 

ဟာရီကိန်းက “နောက်ထပ် ခက်ခဲတဲ့ပွဲ တစ်ပွဲဖြစ်လာမှာပါ။ PSG အသင်းဟာ အံ့အားသင့်စရာကောင်းတဲ့ ရာသီ တစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ ကျနော်တို့ဟာ သူတို့နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တွေ့ဆုံထားပြီး အနိုင်ယူထား ပါ တယ်။ ဒီပွဲက ခက်ခဲမယ်ဆိုတာကို ကျနော်တို့သိပေမယ့် ကျနော်တို့ရဲ့အဆင့်ကို ရောက်ရှိလာတဲ့အချိန်မှာ ဘယ် အသင်းကိုမဆို အနိုင်ယူနိုင်တယ်လို့ ကျနော်တို့ ခံစားရပါတယ်။ ကျနော်တို့ ကောင်းမွန်စွာပြင်ဆင်ပြီး ပွဲအတွက် အဆင်သင့်ဖြစ်အောင် လုပ်ရမယ်”လို့ ပြောခဲ့တာပါ။ 

ဘိုင်ယန်မြူးနစ်အသင်းဟာ ဖီဖာကလပ်ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်မှာ ဖလာမင်ဂိုအသင်းကို ၄ ဂိုး-၂ ဂိုးနဲ့ အနိုင် ရပြီး ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီယှဉ်ပြိုင်နေစဉ် 

ဒီပွဲမှာ ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၂ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဒီသွင်းဂိုးတွေကြောင့် သူဟာ ဒီရာသီ အသင်းအတွက် ပြိုင်ပွဲစုံ ၄၁ ဂိုးအထိ သွင်းယူထားတာပါ။ ဘိုင်ယန်မြူးနစ်အသင်းဟာ ကွာတားဖိုင်နယ်မှာ ချန်ပီယံလိဂ်ချန်ပီယံ PSG အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

ဘိုင်ယန်မြူးနစ်နဲ့ PSG အသင်းတို့ဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်မှာ တွေ့ဆုံခဲ့ပြီး ဘိုင်ယန်မြူးနစ် အသင်းက ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာပါ။ 

ဒါပေမယ့် PSG အသင်းဟာ အုပ်စုအဆင့် ပွဲစဉ်တွေ ပြီးဆုံးခါနီးမှာ အလွန်ကောင်းမွန်တဲ့ ခြေစွမ်းတွေပြသနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဖလားကို ရရှိခဲ့တာဖြစ်ပါတယ်။ 

ဘိုင်ယန်မြူးနစ်အသင်း နည်းပြကွန်ပနီက သူတို့ဟာ PSG အသင်းနဲ့ ပွဲစဉ်အတွက် အဆင်သင့်ဖြစ်အောင် ပြုလုပ်ရမယ်လို့ ပြောခဲ့တာပါ။ 

ဘိုင်ယန်မြူးနစ်နဲ့ PSG အသင်းတို့ရဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ်ကို ဇူလိုင် ၅ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ 

Source:tntsport