CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၆ 

ဘိုင်ယန်မြူးနစ်အသင်းဟာ ရာသီသစ် ဘွန်ဒက်လီဂါ အဖွင့်ပွဲစဉ်မှာ ဝုလ်ဖ်ဘတ်အသင်းကို အရှုံးကနေ အနိုင်ရ အောင် ကစားပြီးနောက် နည်းပြ ကွန်ပနီက အသင်းရဲ့စိတ်ဓါတ်ကို ချီးကျူးသွားခဲ့ပါတယ်။ 

ကွန်ပနီက “နည်းပြတစ်ဦးအနေနဲ့ ကျနော့်ရဲ့ ဘွန်ဒက်လီဂါ ပထမဆုံးပွဲကို ကျနော်ပျော်ပါတယ်။ ပထမပိုင်းမှာ ကျနော်တို့ အခွင့်အရေးတွေ မပေးခဲ့ပေမယ့် ဒုတိယပိုင်းအစက မကောင်းမွန်ခဲ့တဲ့အတွက် ၂ ဂိုးပေးခဲ့ရပါတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ စိတ်ဓါတ်ပိုင်းက ကောင်းမွန်ခဲ့တာကြောင့် ပွဲကို အနိုင်ရရှိအောင် ကစားနိုင်ခဲ့ပါတယ်။ အမှားတွေ ဖြစ်ခဲ့ပေမယ့် အသင်းဘယ်လို တုန့်ပြန်မလဲဆိုတာက အရေးကြီးပါတယ်။ ကျနော်တို့ဟာ ပြီးပြည့်စုံမှု မရှိပေမယ့် ဆက်သွားရမှာပါ”လို့ ပြောခဲ့တာပါ။ 

ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီပွဲစဉ်ရဲ့ ပထမပိုင်းမှာ မူစီယာလာရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းအစ မှာ ဝုလ်ဖ်ဘတ်အသင်းကို ချေပဂိုးနဲ့ ဦးဆောင်ဂိုး ပြန်ပေးခဲ့ရတာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ အနောက်က လိုက်ကစားခဲ့ရပြီး ချေပဂိုး ပြန်လည်ရယူကာ မိနစ် ၈၀ ကျော်မှာ ဂနာဘရီက အနိုင်ဂိုးသွင်းယူပေးခဲ့တာပါ။

ဘိုင်ယန်မြူးနစ်အသင်းကိုတွေ့ရစဉ်

ဘိုင်ယန်မြူးနစ်အသင်းဟာ ပွဲအပြီးမှာ ဝုလ်ဖ်ဘတ်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီး နည်းပြသစ် ကွန်ပနီ အတွက် အဖွင့်လှခဲ့တာဖြစ်ပါတယ်။ 

ဘိုင်ယန်မြူးနစ်အသင်း ကွင်းလယ်လူ ကင်မစ်ရှ်က ဒုတိယပိုင်းမှာ အသင်းရဲ့တုန့်ပြန်မှုဟာ ကောင်းမွန်ခဲ့သလို စိတ်ဓါတ်ကလည်း မှန်ကန်ခဲ့တယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။ 

ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ဘွန်ဒက်လီဂါဖလားကို လက်လွှတ်ခဲ့ရပြီးနောက် ဒီရာသီမှာ ပြန်လည် ရယူနိုင်ဖို့ နည်းပြ အပြောင်းအလဲ ပြုလုပ်ခဲ့သလို ကစားသမားသစ်တွေလည်း အားဖြည့်ခဲ့ပေမယ့် ပွဲဦးထွက်မှာ နိုင်ပွဲရဖို့ ရုန်းကန်ခဲ့ရတာပါ။ 

ဘိုင်ယန်မြူးနစ်အသင်းဟာ ဘွန်ဒက်လီဂါ ဒုတိတယမြောက်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ဖရိုင်းဘတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: ESPN