CNI Sport News

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၁

လီဗာပူးလ်အသင်းဟာ ဂျီရိုနာအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရာနှုန်းပြည့် နိုင်ပွဲရရှိ နေပေမယ့် နည်းပြအာနီဆလော့က ဒီပွဲစဉ်က အသင်းရဲ့စွမ်းဆောင်ရည်ကို မကျေနပ်ဘူးလို့ ပြောခဲ့ပါတယ်။

အာနီဆလော့က “ကစားပြီးတဲ့ ၆ ပွဲစလုံး အကြောင်းမေးရင် ရလဒ်တွေအားလုံးနဲ့ ၅ ပွဲက စွမ်းဆောင်ရည်ကို ကျနော် အလွန်ကျေနပ်မိပါတယ်။ ဒီပွဲက စွမ်းဆောင်ရည်ကတော့ ကျေနပ်ဖို့ဝေးကွာပါတယ်။ ဂျီရိုနာအသင်းဟာ ဒိပွဲမှာ ၃ မှတ်ထက် ပိုပြီးထိုက်တန်တဲ့အတွက် သူတို့အတွက်တော့ စိတ်မကောင်းဖြစ်မိပါတယ်။ ကျနော်တို့မှာ မယုံနိုင်စရာကောင်းတဲ့ ဂိုးသမားရှိခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။ 

လီဗာပူးလ်အသင်းဟာ ဒီပွဲမှာ ဆာလက်ရဲ့ ဒုတိယပိုင်း ပင်နယ်တီ သွင်းဂိုးနဲ့ ဂျီရိုနာအသင်းကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ 

လီဗာပူးလ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ချန်ပီယံလိဂ်ပွဲစဉ် ၆ ပွဲ ကစားအပြီးမှာ ၆ ပွဲစလုံး အနိုင်ရရှိကာ ၁၆ သင်း အဆင့်ကို တက်နိုင်ခဲ့တာပါ။ 

လီဗာပူးလ်အသင်း ယှဉ်ပြိုင်နေစဉ်

လီဗာပူးလ်အသင်းဟာ ရလဒ်ကောင်းတွေ ရရှိထားပေမယ့် နည်းပြ အာနီဆလော့က အသင်းအနေနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အဆုံးထိသွားချင်တဲ့ ရည်မှန်းချက်ရှိရင် စွမ်းဆောင်ရည် ပိုကောင်းအောင် လုပ်ရမယ်လို့ ပြောခဲ့ပါတယ်။ 

ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူနေခဲ့ရတဲ့ ဂိုးသမား အယ်လီဆန်ဟာ ဂျီရိုနာအသင်းနဲ့ပွဲစဉ်မှာ လီဗာပူးလ် အသင်းရဲ့ ပွဲထွက် လူစာရင်းထဲ ပထမဆုံးအကြိမ် ပြန်ပါဝင်လာခဲ့ပြီး လက်စွမ်းပြကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့ တာပါ။ 

လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က အယ်လီဆန်ဟာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ဦး ဖြစ်တယ်ဆိုတာကို ဒီပွဲမှာ ပြသခဲ့ပြီး သူ့ရဲ့စွမ်းဆောင်ရည်ကို ဆက်ထိန်းကာ ကြံ့ခိုင်မှုပြည့်ဝနေဖို့ မျှော်လင့်တယ် လို့ ပြောခဲ့ပါတယ်။ 

လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာ ရပ်တည်နေသလို ပရီးမီးယားလိဂ် ပြိုင်ပွဲမှာလည်း တစ်ပွဲလျော့နဲ့ အမှတ်ပေးဇယား အဆင့် ၂ နေရာက ချယ်လ်ဆီးအသင်းကို ၄ မှတ် အသာရရှိကာ ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာပါ။

လီဗာပူးလ်အသင်းဟာ ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: ESPN