CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၁
ဖီနာဘာချီအသင်းနည်းပြ မော်ရင်ဟိုက ဥရောပထိပ်သီးကလပ် အများအပြားရဲ့ ပစ်မှတ်ဖြစ်နေတဲ့ စပိန်ကြယ်ပွင့် နီကိုဝီလီယံစ်ကို ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ဖို့ တိုက်တွန်းမှု ပြုလုပ်ခဲ့ပါတယ်။
မော်ရင်ဟိုက “နီကိုက အံ့သြဖွယ်ကောင်းတဲ့ ကစားသမားပါ။ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ လူတိုင်းက ယာမဲလ် အကြောင်းကို ပြောနေကြပါတယ်။ ကျနော်ကတော့ နီကို-ကို ပိုပြီးကြိုက်ပါတယ်။ သူဟာ အလွန်ကောင်းတဲ့ ဘောလုံးသမားတစ်ဦးပါ။ တူရကီကလပ်က သူ့ကိုခေါ်ယူနိုင်မယ်လို့ မထင်ပါဘူး။ ကျနော်ကတော့ သူ ရီးရယ်လ် အသင်းမှာ အဆုံးသတ်ဖို့ မျှော်လင့်တယ်”လို့ ပြောခဲ့တာပါ။
နီကိုဝီလီယံစ်ဟာ စပိန်အသင်း ချန်ပီယံဖြစ်ခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ခြေစွမ်း ပြသနိုင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ဥရောပထိပ်သီး ကလပ်တွေက သူ့ကိုခေါ်ယူဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။
ယူရို ၂၀၂၄ ဗိုလ်လုပွဲမှာ အင်္ဂလန်အသင်းဘက်ကို ဂိုးသွင်းခဲ့တဲ့ နီကိုဝီလီယံစ်ကို ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်းတို့က ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပြီး ဘာစီလိုနာအသင်းရဲ့ ပစ်မှတ်လည်း ဖြစ်ခဲ့တာပါ။
နီကိုဝီလီယံစ်ကို တွေ့ရစဉ်
ဒါပေမယ့် နီကိုဝီလီယံစ်ဟာ ဘီလ်ဘာအိုအသင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
မော်ရင်ဟိုကတော့ နီကိုဝီလီယံစ်ကို ခေါ်ယူမယ့် ပြိုင်ဆိုင်မှုထဲမှာ သူ့ရဲ့အသင်းဟောင်း ရီးရယ်လ်အသင်း အနိုင် ရယူနိုင်ဖို့ မျှော်လင့်နေတာပါ။
နီကိုဝီလီယံစ်နဲ့ ဘီလ်ဘာအိုအသင်းတို့ရဲ့ စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး ယူရို ၅၈ သန်းသာရှိတဲ့အတွက် လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကြီး အများအပြားက သူ့ကိုခေါ်ယူဖို့ ထပ်ပြီးကြိုးစားဖို့ရှိနေတာ ဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ်ရှိ နီကိုဝီလီယံစ်နဲ့ ဘီလ်ဘာအိုအသင်းတို့ရဲ့ စာချုပ်ဟာ ၂၀၂၇ နွေရာသီအထိ သက်တမ်း ရှိနေတာပါ။
ဘီလ်ဘာအို အကယ်ဒမီထွက် နီကိုဝီလီယံစ်ဟာ လက်ရှိအချိန်ထိ သူ့ရဲ့ကလပ်အသင်းအတွက် ပွဲပေါင်း ၁၄၂ ပွဲ ပါဝင်ကစားထားပြီး ၂၂ ဂိုး သွင်းယူကာ ကိုပါဒယ်ရေးဖလား ၁ ကြိမ် ရယူထားနိုင်တာဖြစ်ပါတယ်။
Source: Metro