CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၆
နယူးကာဆယ်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးလ်အသင်းအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ အသက် ၁၆ နှစ်အရွယ်ရှိ အန်ဂူမိုဟာကို နည်းပြအာနီဆလော့နဲ့ အသင်းခေါင်းဆောင် ဗန်ဒိုက်တို့ က ချီးကျူးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
နည်းပြအာနီဆလော့က “အသက် ၁၆ နှစ်အရွယ် ကစားသမားအတွက် အလွန်ကောင်းမွန်တဲ့ သွင်းဂိုးပါ။ ဒါက ကြီးမားတဲ့ အခွင့်အရေးဖြစ်ပြီး သူဟာ အလွန်ကောင်းမွန်စွာ အဆုံးသတ်နိုင်ခဲ့ပါတယ်။ သူဟာ အလွန်ယုံကြည်မှု ရှိတဲ့သူဖြစ်ပြီး သူ့အတွက် ဂိုးသွင်းယူနိုင်ခဲ့တာက လုံးဝတိုက်ဆိုင်မှုတစ်ခု မဟုတ်ပါဘူး။ သူ့ရဲ့ အသက်အရွယ်အရ သူဟာ အလွန်အဆုံး သတ်ကောင်းမွန်တဲ့သူလို့” ပြောခဲ့တာပါ။
ရာသီကြို ခြေစမ်းပွဲတွေမှာ လီဗာပူးလ်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တဲ့ အန်ဂူမိုဟာ,ဟာ နယူးကာဆယ် အသင်းနဲ့ ပွဲစဉ်ရဲ့ ပွဲချိန်မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပို ၆ မိနစ်မှာ ဂတ်ပိုရဲ့နေရာ လူစားလဲဝင်ရောက်ကာ ပရီးမီးယားလိဂ် ပွဲဦးထွက်အဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်။
နာကျင်အချိန်ပို ၁၀ မိနစ် အရောက်မှာတော့ အန်ဂူမိုဟာက ဆာလက်ရဲ့ ဖန်တီးပေးမှုကနေ လီဗာပူးလ်အသင်း အတွက် အဖိုးတန် အနိုင်ဂိုး သွင်းယူပေးခဲ့တာပါ။
ဒီသွင်းဂိုးကြောင့် လီဗာပူးလ်အသင်းဟာ နယူးကာဆယ်အသင်းကို အနိုင်ရပြီး ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ၂ ပွဲ စလုံး ရာနှုန်းပြည့် နိုင်ပွဲရရှိခဲ့ပါတယ်။
အန်ဂူမိုဟာ ဂိုးသွင်းနေစဉ်
အသင်းခေါင်းဆောင် ဗန်ဒိုက်က “ဒါက သူ့အတွက် အိပ်မက် ပွဲဦးထွက်ဖြစ်ပြီး အလွန်ပြီးပြည့်စုံတဲ့ အဆုံးသတ်ပါ။ ကျနော်တို့ဟာ အဆုံးထိ တည်ငြိမ်စွာနဲ့ သွင်းဂိုးရရှိဖို့အတွက် မှန်ကန်တဲ့ အဖြေကို ရှာတွေ့ဖို့ ကြိုးစားခဲ့ပြီး ကျနော်တို့ လုပ်နိုင်ခဲ့ပါတယ်။ အန်ဂူမိုဟာအတွက် ကျနော် အလွန်ကျေနပ်တယ်”လို့ Sky Sports ကို ပြောခဲ့ တာပါ။
နယူးကာဆယ်အသင်းနဲ့ပွဲစဉ်မှာ လီဗာပူးလ်အသင်းအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ အန်ဂူမိုဟာ,ဟာ ပရီးမီးယားလိဂ် သမိုင်းမှာ စတုတ္ထမြောက် အသက်အငယ်ဆုံး ဂိုးသွင်းတဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး သူ့ရဲ့အထက် မှာ ဂျိမ်းစ်ဗော်ဂန်၊ ဂျိမ်းစ်မီလ်နာနဲ့ ဝိန်းရွန်နီတို့ ရပ်တည်နေပါတယ်။
ဒီပွဲရဲ့ ပထမပိုင်း ပြီးခါနီးမှာ ဗန်ဒိုက်ကို ဝင်ရောက်ပုံ ကြမ်းတမ်းခဲ့တဲ့ နယူးကာဆယ်အသင်း ကြယ်ပွင့် ဂေါ်ဒွန်ဟာ တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။
နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟောင်းက ဒီရှုံးနိမ့်မှုဟာ သူ့အတွက် ခက်ခဲခဲ့တယ်လို့ ခံစားရပေမယ့် အသင်းရဲ့ စွမ်းဆောင်ရည်အတွက် ဂုဏ်ယူကြောင်း ပြောခဲ့ပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲ ကစားအပြီးမှာ လီဗာပူးလ်အသင်းဟာ ရာနှုန်းပြည့် နိုင်ပွဲနဲ့ အဆင့် ၃ နေရာ ရပ်တည် နေပြီး နယူးကာဆယ်အသင်းကတော့ နိုင်ပွဲပျောက်ဆုံးနေကာ အဆင့် ၁၅ နေရာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: ESPN