CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၆
အာဆင်နယ်အသင်း တောင်ပံကစားသမား ဆာကာဟာ လိဒ်စ်အသင်းကို ၅ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တံကောက်ကြော ဒဏ်ရာ ရရှိခဲ့တာကြောင့် ၄ ပတ်ကြာအထိ အနားယူရဖွယ် ရှိနေပါတယ်။
လိဒ်စ်အသင်းနဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် ၁ ဂိုးသွင်းယူခဲ့တဲ့ ဆာကာဟာ ဒုတိယပိုင်းမှာ ဒဏ်ရာ ရရှိခဲ့တာကြောင့် လူစားလဲခံခဲ့ရတာပါ။
ဆာကာဟာ ၄ ပတ်ကြာအထိ အနားယူရမှာဖြစ်လို့ ဒီတစ်ပတ်ကစားမယ့် လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် ပါဝင်နိုင်မှာ မဟုတ်သလို အန်ဒိုရာ၊ ဆားဘီးယားအသင်းတို့နဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်မယ့် အင်္ဂလန်အသင်းအတွက်လည်း ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။
ဒဏ်ရာကြောင့် ဆာကာ ပွဲတွေ လွဲချော်မယ့် သတင်းဟာ အာဆင်နယ်အသင်း အတွက်ရော အင်္ဂလန်အသင်း အတွက်ပါ သတင်းဆိုးဖြစ်ခဲ့ပါတယ်။
ဆာကာဟာ ပြီးခဲ့တဲ့ ရာသီကလည်း တံကောက်ကြောဒဏ်ရာကြောင့် ၃ လကြာအထိ အနားယူခဲ့ရသေးတာပါ။
ဆာကာနဲ့ အိုဒီဂတ်ကို တွေ့ရစဉ်
အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ်ကလည်း လိဒ်စ်အသင်းနဲ့ပွဲစဉ်မှာ ပခုံးဒဏ်ရာ ရရှိခဲ့တာကြောင့် လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်ကို ပါဝင်နိုင်ဖို့ မသေချာသေးတာ ဖြစ်ပါတယ်။
ဒါပေမယ့် အိုဒီဂတ်ရဲ့ ဒဏ်ရာဟာ ပြင်းထန်မှု မရှိတဲ့အတွက် လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်ကို ပါဝင်နိုင်ဖို့ အကောင်းမြင်မှုတွေ ရှိနေပါတယ်။
အာဆင်နယ်အသင်းဟာ နွေရာသီ အပြောင်းအရွှေ့မှာ တိုက်စစ် ကစားသမားတွေဖြစ်တဲ့ ယိုကီရက်စ်၊ အီဇီနဲ့ မာဒူကီတို့ကို ခေါ်ယူထားသလို မာတင်နယ်လီ၊ ထရိုဆာ့ဒ်၊ ဝမ်နရီနဲ့ ဒေါင်းမန်းတို့ ရှိနေတာကြောင့် ဆာကာနဲ့ အိုဒီဂတ်တို့ရဲ့နေရာမှာ သူတို့တွေကို အစားထိုးပြီး အသုံးပြုလို့ရတာပါ။
အာဆင်နယ်အသင်း ဂန္ထဝင် အီယန်ရိုက်က ဆာကာ မပါဝင်နိုင်ချိန်မှာ မာဒူကီဟာ သူ့ရဲ့နေရာကို အစားထိုးနိုင် မယ်လို့ ယုံကြည်နေပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ၂ ပွဲစလုံး ပေးဂိုး မပေးရဘဲ နိုင်ပွဲရရှိထားပြီး အမှတ်ပေး ဇယားကို ဦးဆောင်ထားတာဖြစ်ပါတယ်။
Source: BBC