CNI Sport News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၇

မန်စီးတီးအသင်း ရောင်းချမယ့် စာရင်းထဲမှာ ပါဝင်နေတဲ့ ဂျာမန်ကွင်းလယ်လူဟောင်း ဂွန်ဒိုဂန်က ဘွန်ဒက်လီဂါ ထံ ပြန်သွားဖို့ စိတ်ဝင်စားနေပါတယ်။ 

မန်စီးတီးအသင်း နည်းပြ ဂွာဒီယိုလာဟာ ကျစ်လျစ်တဲ့ အသင်းလူစာရင်းကို လိုချင်တယ်လို့ ပြောထားတာကြောင့် အသင်းဘက်က ကစားသမားအချို့ကို ရောင်းချနိုင်ဖို့ လုပ်ဆောင်နေတာပါ။

မန်စီးတီးအသင်း ရောင်းချမယ့် ကစားသမား စာရင်းထဲမှာ အကန်ဂျီနဲ့ ဂွန်ဒိုဂန်တို့ ပါဝင်ပြီး သူတို့နှစ်ဦးဟာ တူရကီ ကလပ် ဂါလာတာစာရေးအသင်းက ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ သူတွေဖြစ်ပါတယ်။ 

ဂွန်ဒိုဂန်ကတော့ ဒေါ့မွန်အသင်းမှာ ကစားခဲ့ချိန်က တောက်ပခဲ့တဲ့ ဘွန်ဒက်လီဂါထံ ပြန်သွားဖို့ စဉ်းစားနေတာပါ။ 

ဂွန်ဒိုဂန်ကို ဝွေ့ရစဉ် 

ဒါပေမယ့် ဂွန်ဒိုဂန်ကို ခေါ်ယူဖို့ ဘွန်ဒက်လီဂါ ဘယ်အသင်းကမှ ချိတ်ဆက်မှုတွေ ပြုလုပ်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။ 

၂၀၁၆ ခုနှစ်က မန်စီးတီးအသင်းကို ရောက်ရှိလာခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ ဂွန်ဒိုဂန်ဟာ တစ်ရာသီကြာ ကစားပြီးနောက် မနှစ်ကနွေရာသီမှာ မန်စီးတီးအသင်းထံ ပြန်ရောက်ရှိလာခဲ့တာပါ။ 

အသက် ၃၄ နှစ်အရွယ်ရှိ ဂွန်ဒိုဂန်ဟာ စပါးအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်းရဲ့ ပွဲလူစာရင်းထဲ ချန်လှပ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ 

ဂါလာတာစာရေးအသင်းဟာ ဂွန်ဒိုဂန်ကို ခေါ်ယူနိုင်ဖို့ ပြင်းပြင်းထန်ထန် ချိတ်ဆက်နေပေမယ့် သူ့ရဲ့လုပ်ခလစာ မြင့်မားမှုကြောင့် အပြောင်းအရွှေ့ ဖြစ်ခြင်းမရှိသေးတာပါ။ 

ဂွန်ဒိုဂန်ဟာ မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် အပါအဝင် ဆုဖလား ပေါင်း ၁၄ ခု ရယူထားနိုင်ခဲ့ပါတယ်။ 

ဂွန်ဒိုဂန်ဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ၅၄ ပွဲ ပါဝင်ကစားခဲ့ပြီး ၅ ဂိုးသွင်းယူနိုင်ခဲ့ကာ ဒီရာသီမှာတော့ ပါဝင်ကစားရခြင်း မရှိသေးတာပါ။ 

လာမယ့် စက်တင်ဘာ ၁ ရက်ဆိုရင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် ပိတ်တော့ မှာဖြစ်လို့ ဂွန်ဒိုဂန် အနေနဲ့ ဘွန်ဒက်လီဂါအသင်း တစ်သင်းထံ ပြောင်းရွှေ့နိုင်ဖို့ အမြန်ဆုံး ကြိုးပမ်းရတော့မှာ ဖြစ်ပါတယ်။