CNI Sport News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၆

တိုက်စစ်မှူး အန်ကွန်ကူဟာ ချယ်လ်ဆီးအသင်း ကစားသမားဘဝ ပွဲဦးထွက်အဖြစ် ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ကစားမယ့်ပွဲစဉ်မှာ ပါဝင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ နည်းပြ ပိုချက်တီနိုက ပြောပါတယ်။

ပိုချက်တီနိုက “အန်ကွန်ကူ ပါဝင်နိုင်မှာက ကျနော်တို့အတွက်၊ သူ့ရဲ့အသင်းဖော်တွေအတွက် ကြီးမားတဲ့ တွန်းအားတစ်ခုပါပဲ။ ပရိသတ်တွေဟာ ကျနော်တို့အတွက် အရေးပါတဲ့ ကစားသမားတစ်ဦးကို လူစာရင်းမှာ ပါဝင်တာ ပထမဆုံးအကြိမ် မြင်တွေ့ရတော့မှာပါ။ ဒါဟာ ကျနော်တို့အတွက် အလွန်ကောင်းမွန်တဲ့ သတင်းပါ။ ဒါပေမယ့် ကျနော်တို့ သူ့ကို ဖိအားမပေးချင်တဲ့အတွက် အေးအေးဆေးဆေးနေရမယ့် အချိန်ရောက်ပြီ”လို့ ပြောပါ တယ်။

ပြင်သစ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နွေရာသီက ပေါင် ၅၂ သန်းနဲ့ လိုက်ပ်ဇစ်အသင်းကနေ ချယ်လ်ဆီးအသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ရာသီကြိုခြေစမ်းပွဲမှာ ဒူးဒဏ်ရာ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိ ကစားသမားဟာ ဒူးဒဏ်ရာကို ခွဲစိတ်မှုခံယူခဲ့ရပြီး ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် တစ်ပွဲမှ ပါဝင်ကစားရခြင်း မရှိသေးပါဘူး။

အန်ကွန်ကူဟာ ရာသီကြိုခြေစမ်းပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် သူပါဝင်နိုင်မှာက ရလဒ်တွေဆိုးနေတဲ့ ချယ်လ်ဆီးအသင်းအတွက် သတင်းကောင်း ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ချယ်လ်ဆီးအသင်းရဲ့ နံပါတ်တစ်ဂိုးသမား ရောဘတ်ဆန်းချက်ဇ်ဟာ ဒူးဒဏ်ရာကြောင့် ဒီဇင်ဘာလ အကုန်ထိ အနားယူရမှာဖြစ်သလို အသင်းခေါင်းဆောင် ရီစီဂျိမ်းစ်နဲ့ နောက်ခံလူ ကူကူရယ်လာတို့ကလည်း ဒဏ်ရာကြောင့် အနားယူရဖို့ ရှိနေတာပါ။

ပိုချက်တီနိုကတော့ ကစားသမား အများအပြား ဒဏ်ရာရနေပေမယ့် လက်ရှိအသင်းမှာရှိနေတဲ့ ကစားသမား အားလုံးကို ယုံကြည်မှုရှိတယ်လို့ ပြောခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၁၆ ပွဲ ကစားအပြီးမှာ ရမှတ် ၁၉ မှတ်နဲ့ အဆင့် ၁၂ နေရာမှာ ရပ်တည်နေပြီး ဘရန်ဖို့ဒ်၊ ဝုလ်ဗ်စ်၊ ဘုန်းမောက်အသင်းတို့နဲ့ ရမှတ်တူညီနေတာ ဖြစ်ပါတယ်။

Source: BBC