CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၆

ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက ပရက်စတန်အသင်းနဲ့ ကစားမယ့် FA ဖလားတတိယအဆင့်ပွဲစဉ်မှာ အကောင်းဆုံး လူစာရင်းကို အသုံးပြုသွားမယ်လို့ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ပိုချက်တီနိုက “ဒီပွဲမှာ ကျနော်တို့လူစာရင်းကို အများကြီး ပြောင်းလဲသွားဖို့ မရှိပါဘူး။ FA ဖလားပွဲစဉ်လို မဟုတ်ဘဲ ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲလို ကစားသွားမှာပါ။ ပရက်စတန်ကို လေးစားမှုအပြည့်ရှိပြီး ဒါကို ခင်ဗျားတို့ မြင်တွေ့ ရပါလိမ့်မယ်။ ကျနော်တို့က အနိုင်ရချင်တဲ့အတွက် အလုပ်တွေ အများကြီးပိုပြီးလုပ်ဖို့ လိုပါတယ်။ ဒီအဆင့်ကို ကျော်ဖြတ်ပြီး နောက်တစ်ဆင့်တက်ဖို့က အလွန်အရေးကြီးပါတယ်”လို့ ပြောခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ အိမ်ကွင်းမှာ ကစားရမယ့် FA ဖလား တတိယအဆင့်ပွဲစဉ်မှာ ချန်ပီယံရှစ်ကလပ် ပရက်စတန်အသင်းကို အနိုင်ယူပြီး စတုတ္တအဆင့်တက်နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ 

ချယ်လ်ဆီးအသင်းဟာ ဒီရာသီမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရသလို ပရက်စတန်အသင်း ကလည်း ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အဆင့် ၁၄ နေရာမှာ ရပ်တည်နေတာပါ။ 

ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက ဒီပွဲကို ပရီးမီးယားလိဂ်ပွဲလို ကစားသွားမယ်လို့ ပြောထားပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ အဓိကတိုက်စစ်မှူးဖြစ်တဲ့ ဂျက်ဆန်ဟာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲဝင်ဖို့ ဆီနီဂေါ အသင်းနဲ့ သွားရောက် ပူးပေါင်းနေတာကြောင့် ပရက်စတန်အသင်းနဲ့ ပွဲမှာ အသင်းရဲ့ တိုက်စစ်မှူး နေရာအတွက် ဘရိုဂျာနဲ့ အန်ကွန်ကူတို့ ပွဲထွက်လာနိုင်တာပါ။ 

ပိုချက်တီနိုကတော့ ဘရိုဂျာကို ပွဲထွက်လူစာရင်းမှာ အသုံးပြုဖို့ ရှိနေပြီး အန်ကွန်ကူကို လူစားဝင် ကစားသမား အဖြစ်သာ အသုံးပြုနိုင်တယ်လို့ ပြောခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ လာမယ့်ကြားရက်ထဲမှာ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် မယ်ဒယ်ဘရော့အသင်းနဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။

Source: Metro