CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၇

ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF)ဟာ ယာယီနည်းပြ ဖာနန်ဒိုဒီနစ်ဇ်ကို ထုတ်ပယ်လိုက်ပြီလို့ ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။

ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဟာ ဖာနန်ဒိုဒီနစ်ဇ်ကို ထုတ်ပယ်လိုက်ပြီးနောက် အမြဲတမ်းနည်းပြ ခန့်အပ်မယ့် လုပ်ငန်းစဉ်ကို စတင်တော့မယ်လို့ ပြောခဲ့တာပါ။ 

ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဟာ ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင် မယ်လို့ ယုံကြည်နေတာကြောင့် ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ဖာနန်ဒိုဒီနစ်ဇ်ကို ယာယီနည်းပြအဖြစ် ၁ နှစ် စာချုပ် ချုပ်ဆိုကာ ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့် အန်ဆယ်လော့တီဟာ ရီးရယ်လ်အသင်းနဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုသွားခဲ့တာပါ။

အဲ့ဒါကြောင့် ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဟာ အမြဲတမ်းနည်းပြတစ်ဦးကို အမြန်ဆုံး ခန့်အပ်နိုင်ဖို့အတွက် ယာယီ နည်းပြကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဖာနန်ဒိုဒီနစ်ဇ်ဟာ ဘရာဇီးလ်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ၆ ပွဲမှာ ၂ ပွဲသာအနိုင်ရပြီး ၁ ပွဲသရေကျကာ ၃ ပွဲ ရှုံးနိမ့်ခဲ့တာပါ။
 
ဘရာဇီးလ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်တွေမှာ ရလဒ်ဆိုးတွေကြောင့် အဆင့် ၆ နေရာကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ 

ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်အကြီးအကဲ ရိုဒရီဂွက်စ်ဟာ ဆောပေါလိုအသင်း အကြီးအကဲတွေနဲ့ စကားပြောဆို ထားတာကြောင့် ဆောပေါလိုအသင်းနည်းပြ ဂျူနီယာဟာ ဘရာဇီးလ်အသင်း နည်းပြဖြစ်လာဖို့ ရေပန်းစားနေတာပါ။

ဆောပေါလိုအသင်းဟာ သူတို့နည်းပြကို အလွတ်နဲ့ လက်မလွှတ်ချင်တဲ့အတွက် စာချုပ်ဖျက်သိမ်းကြေးပေးဖို့ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ထံ တောင်းဆိုထားတယ်လို့ သိရပါတယ်။ 

ဘရာဇီးလ်အသင်းဟာ ကိုပါအမေရိကဖလားပြိုင်ပွဲ မတိုင်ခင် ပြင်ဆင်မှုတွေ ပြုလုပ်နိုင်ဖို့အတွက် နည်းပြသစ် အမြန်ဆုံး ခန့်အပ်နိုင်ဖို့ လုပ်ဆောင်နေတာပါ။ 

ဘရာဇီးလ်အသင်းဟာ လာမယ့်မတ်လထဲမှာ အင်္ဂလန်၊ စပိန်အသင်းတို့နဲ့ ခြေစမ်းပွဲ ကစားဖို့ စီစဉ်ထားပြီး ကိုပါအမေရိကဖလားပြိုင်ပွဲမတိုင်ခင် ရက်ပိုင်းအလိုမှာ မက္ကဆီကိုအသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ဖို့လည်း ရှိနေပါ တယ်။

ဘရာဇီးလ်အသင်းဟာ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ကိုလံဘီယာ၊ ပါရာဂွေး၊ ကွန်ကာကပ်ဖ်ပလေးအော့ဖ် အနိုင်ရတဲ့အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။

Source: ESPN