CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၂

ဘရာဇီးလ် ဂန္တဝင်တိုက်စစ်မှူး ရော်နယ်ဒိုက ဘရာဇီးလ်အသင်းနည်းပြ ရာထူးအတွက် ဂွာဒီယိုလာကို ခန့်အပ် ချင်ပေမယ့် သူက မန်စီးတီးမှာ ဆက်ပြီးနေဖို့ကို ရွေးချယ်သွားခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ရော်နယ်ဒိုက “ ဂွာဒီယိုလာကို ကျနော်တို့ စိတ်ဝင်စားခဲ့ပါတယ်။ ဂွာဒီယိုလာရဲ့ နည်းပြအဖွဲ့ဝင်တွေနဲ့ ဆွေးနွေး မှုတွေ ပြုလုပ်ခဲ့ပေမယ့် မန်စီးတီးနဲ့ စာချုပ်သက်တမ်းတိုးဖို့ကိုပဲ လိုလားခဲ့ပါတယ်။ ဘရာဇီးလ်ဘောလုံး အဖွဲ့ချုပ် က သဘောတူညီမှု ရယူနိုင်ဖို့ ခက်ခဲခဲ့ပါတယ်။ သူက ကမ္ဘာ့လုပ်ခလစာ အများဆုံး နည်းပြပါ”လို့ ကတ်တလန် မီဒီယာကို ပြောခဲ့တာပါ။

ဘရာဇီးလ်အသင်းဟာ အခုကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ပြီး ကွာတားဖိုင်နယ်ကနေ ထွက်ခွာခဲ့ရတာပါ။ ဘရာဇီးလ်အသင်း ကမ္ဘာ့ဖလားကနေ ထွက်ခဲ့ရပြီးနောက် နည်းပြ ဖြစ်သူ တိုင်ထီကလည်း ရာထူးကနေ ထွက်ခွာခဲ့ပါတယ်။

မန်စီးတီးနည်းပြ ဂွာဒီယိုလာကိုတွေ့ရစဉ် (Goal)

အဲ့ဒါကြောင့် ဘရာဇီးလ်အသင်းဟာ နည်းပြသစ် ရှာဖွေမှု ပြုလုပ်နေပြီး ဂွာဒီယိုလာကို နည်းပြအဖြစ် ခန့်အပ်ဖို့ အရင်ကတည်းက စဉ်းစားခဲ့တာပါ။

ဂွာဒီယိုလာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကမှ မန်စီးတီးအသင်းမှာ ၂၀၂၅ အထိ ရှိမယ့် ၂ နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဘရာဇီးလ်အသင်းဟာ နည်းပြရာထူး လစ်လပ်နေခဲ့ပေမယ့် ဂွာဒီယိုလာကို ခန့်အပ်ဖို့ မလွယ်ကူတော့ပါဘူး။

တိုင်ထီဟာ ဘရာဇီးလ်အသင်းကို ၂၀၁၆ ကတည်းက စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ပွဲပေါင်း ၈၁ ပွဲ ကိုင်တွယ် ထားခဲ့တာမှာ ပွဲ ၆၀ အနိုင်ရပြီး ၁၅ ပွဲသရေနဲ့ ၆ ပွဲရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

တိုင်ထီဟာ ဘရာဇီးလ်အသင်းနဲ့အတူ ၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး ၂၀၂၁ ပြိုင်ပွဲမှာတော့ အာဂျင်တီးနားကို အရေးနိမ့်ကာ ဒုတိယနဲ့ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

Source: Goal