CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂

နေမာဟာ ခြေကျင်းဝတ် ဒဏ်ရာကနေ ပြန်လည် ကောင်းမွန်လာဖို့ ရုန်းကန်နေရတာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲ မှာ မပါဝင်နိုင်တော့မှာကို ဘရာဇီးလ်အသင်းက စိုးရိမ်နေပါတယ်။

နေမာဟာ ဆားဘီးယားကို အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စု အဖွင့်ပွဲစဉ်မှာ ဘရာဇီးလ်အတွက် ပါဝင်ခဲ့ပေမယ့် ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုတွေ ခံခဲ့ရတာကြောင့် ခြေကျင်းဝတ် ဒဏ်ရာ ရရှိသွားခဲ့တာပါ။

အဲ့ဒီ အချိန်ကတည်းက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နေမာ မပါဝင်နိုင်တော့မှာကို စိုးရိမ်မှုတွေ ရှိခဲ့ကြပေမယ့် စကန်ဖတ် စစ်ဆေးမှုတွေအပြီးမှာ အုပ်စုအဆင့်ပွဲတွေမှာ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ ဘရာဇီးလ်ဆေးအဖွဲ့က အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

နေမာ အနေနဲ့ ဘရာဇီးလ်အသင်း အုပ်စုအဆင့်က တက်နိုင်မယ်ဆိုရင် ပြန်လည် ပါဝင်နိုင်ဖွယ် ရှိတယ်လို့ ပြောခဲ့တာပါ။

နေမာကို ဒိုင်လူကြီးက မေးမြန်းနေစဉ်

ဒါပေမယ့် တောင်အမေရိကလာတဲ့ သတင်းတွေအရ နေမာရဲ့ ဒဏ်ရာဟာ အရင်က မျှော်လင့်ထားတာထက် ပိုပြီး ဆိုးလာမှာကို ဘရာဇီးလ်က စိုးရိမ်နေတယ်လို့ ဖော်ပြထားပါတယ်။ ဘရာဇီးလ်အသင်းဟာ ၁၆ သင်း အဆင့် ပွဲစဉ် တွေကို တနင်္လာ ဒါမှမဟုတ် အင်္ဂါနေ့မှာ ကစားရမှာဖြစ်ပြီး ဒီပွဲကို နေမာ ပါဝင်နိုင်ဖွယ် မရှိပါဘူး။

ဘရာဇီးလ်အသင်းဟာ ဒီပြိုင်ပွဲမှာ ချန်ပီယံဆုရယူဖို့ ရေပန်းစားနေပြီး ဗိုလ်လုပွဲအထိ တက်နိုင်ခဲ့မယ်ဆိုရင် နေမာ အနေနဲ့ ပြန်လည်ပါဝင်နိုင်ဖို့ အခွင့်အရေး ရှိနိုင်တယ်လို့လည်း သိရပါတယ်။

နေမာဟာ တတိယ အကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ကစားနေတာဖြစ်ပြီး နောက်ဆုံး ၂ ကြိမ် တုန်းက လည်း ကြံ့ခိုင်ရေးဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ၂၀၁၄ တုန်းက ၅ ပွဲ ကစားပြီး ၄ ဂိုး သွင်းယူ နိုင်ခဲ့ပေမယ့် ဒဏ်ရာကြောင့် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မပါဝင်နိုင်ခဲ့ပါဘူး။

၂၀၁၈ ပြိုင်ပွဲတုန်းကလည်း နေမာဟာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရလို့ အသင်းဟာ ကွာတားဖိုင်နယ်ကနေ ထွက်ခွာ ခဲ့ရတာပါ။ နေမာဟာ ဘရာဇီးလ်အတွက် ၁၂၂ ပွဲ ကစားထားပြီး ၇၅ ဂိုးသွင်းယူကာ ပီလီရဲ့ နောက် လက်ရွေးစင် အသင်းရဲ့ ဒုတိယဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: Daily Mail