CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂

သောမတ်စ်မူလာက ဂျာမနီအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခွာရပြီးနောက် လက်ရွေးစင်အသင်းကနေ အနားယူဖွယ်ရှိကြောင်း ပြောလိုက်ပါတယ်။

သောမတ်စ်မူလာက “ ဒါဟာ ဂျာမနီအတွက် နောက်ဆုံးပွဲ ဖြစ်ခဲ့တယ်ဆိုရင် ပရိသတ်တွေကို စကားအနည်းငယ် ပြောချင်ပါတယ်။ ကျနော်ဝမ်းသာ ပီတိ ဖြစ်ခဲ့ရပါတယ်။ ကျေးဇူးလည်း အများကြီး တင်ပါတယ်။ ကျနော်ဟာ ကွင်းထဲမှာ ကျနော့်နှလုံးသားကို အမြဲတမ်းပြသနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ တခါတလေ ဝမ်းသာလို့ ကျခဲ့တဲ့ မျက်ရည်တွေ ရှိသလို၊ တခါတရံလည်း နာကျင်ရပါတယ်။ ကျနော်ဒါတွေကို ချစ်မြတ်နိုးလို့ လုပ်ခဲ့တာပါ။ အခု တခြားအရာအားလုံးကို စဉ်းစားဖို့ လိုပါတယ်”လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။

ဂျာမနီအသင်းဟာ အုပ်စုနောက်ဆုံး ပွဲစဉ်မှာ ကော်စတာရီကာ အသင်းကို ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် ဒုတိယ နေရာက စပိန်အသင်းနဲ့ ဂိုးကွာခြားချက် ရှိခဲ့တာကြောင့် အုပ်စုကနေ လှည့်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။

သောမတ်စ်မူလာကို ဂျာမနီအသင်းဖော်များနဲ့အတူ တွေ့ရစဉ် (Goal)

ဂျာမနီအသင်းဟာ ၂၀၁၄ ခုနှစ်က ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပြီးနောက် ကစားခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၂ ကြိမ်ဆက်တိုက် အုပ်စုက ထွက်ခဲ့ရတာပါ။

သောမတ်စ်မူလာဟာ ဂျိုအာချင်လို လက်ထက် ၂၀၁၉ ကနေ ၂၀၂၁ အထိ ဂျာမနီလက်ရွေးစင် အသင်းမှာ ရွေးချယ် ခြင်း မခံခဲ့ရပေမယ့် ဟန်ဆီဖလစ်ခ် လက်ထက်မှာတော့ ပြန်လည် ရွေးချယ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ် ကစားသမားဟာ ဂျာမနီလက်ရွေးစင်အတွက် ၂၀၁၀ မှာ စတင်ရွေးချယ်ခံခဲ့ရပြီး ပွဲပေါင်း ၁၂၁ ပွဲ ပါဝင်ကစားခဲ့ကာ ၄၄ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ သောမတ်စ်မူလာဟာ လက်ရွေးစင်အသင်းနဲ့ အောင်မြင်မှုအဖြစ် ၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံဆု ရယူနိုင်ခဲ့တာပါ။

အသက် ၃၃ နှစ်အရွယ်ရှိ သောမတ်စ်မူလာဟာ ဘိုင်ယန်မြူးနစ် အသင်းအတွက် ပွဲပေါင်း ၆၄၁ ပွဲ ပါဝင် ကစား ထားပြီး ၂၃၀ ဂိုး သွင်းယူကာ ဘွန်ဒစ်လီဂါဖလား ၁၁ ကြိမ်၊ ချန်ပီယံလိဂ်ဖလား နဲ့ ကလပ်ကမ္ဘာ့ဖလား ၂ ကြိမ် အပါအဝင် ဆုဖလားအောင်မြင်မှု အများအပြားကို ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: Goal