CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၆

ဂျာမနီဝါရင့်ကစားသမား သောမတ်စ်မူလာက လက်ရွေးစင်အသင်းက အနားယူဖွယ်ရှိတယ်လို့ စပိန်အသင်းကို အရေးနိမ့်ခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲကွာတားဖိုင်နယ်ပွဲစဉ်အပြီးမှာ အရိပ်အမြွက်ပြောခဲ့ပါတယ်။

သောမတ်စ်မူလာက “ဒီပွဲက ဂျာမနီနဲ့ ကျနော်ရဲ့နောက်ဆုံးပွဲ ဖြစ်နိုင်ဖွယ်ရှိတယ်”လို့ Sky Sports ဂျာမနီကို ပြောခဲ့တာပါ။

ယူရို ၂၀၂၄ ပြိုင်ပွဲအိမ်ရှင် ဂျာမနီအသင်းဟာ ကွာတားဖိုင်နယ်မှာ စပိန်အသင်းကို အချိန်ပိုမှာ အရေးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

 ၂၀၁၀ ခုနှစ်က ဂျာမနီအသင်းအတွက် စတင်ပွဲဦးထွက်ခဲ့တဲ့ သောမတ်စ်မူလာဟာ နိုင်ငံအသင်းအတွက် ၁၃၁ ပွဲ ပါဝင်ကစားထားပြီး ၄၅ ဂိုးသွင်းယူထားတာပါ။ 

အသက် ၃၄ နှစ်အရွယ်ရှိ သောမတ်စ်မူလာအတွက် ယူရို ၂၀၂၄ ပြိုင်ပွဲဟာ သူ့ရဲ့နောက်ဆုံးယူရိုပြိုင်ပွဲဖြစ်ပြီး လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ပါဝင်နိုင်ဖို့ နည်းပါးတာကြောင့် လက်ရွေးစင်အသင်းက အနားယူဖို့ ရှိလာတာ ဖြစ်ပါတယ်။

ဂျာမနီအသင်းကိုတွေ့ရစဉ်

သောမတ်စ်မူလာဟာ ဂျာမနီအသင်းနဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုရယူနိုင်ခဲ့ပြီး ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ တတိယနေရာရရှိခဲ့တာပါ။ 

သောမတ်စ်မူလာ အနေနဲ့ လက်ရွေးစင်အသင်းက အနားယူခဲ့မယ်ဆိုရင် ယူရိုချန်ပီယံဆုကို ရယူချင်တဲ့ သူ့ရဲ့မျှော်လင့်ချက်ကို အဆုံးသတ်ရတော့မှာဖြစ်ပါတယ်။ 

ဝါရင့်ကစားသမားဟာ ရာသီသစ်အတွက် ဘိုင်ယန်မြူးနစ်အသင်းနဲ့ မပူးပေါင်းခင် အပန်းဖြေအနားယူသွားမှာဖြစ်ပြီး သူနဲ့ အသင်းတို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ လာမယ့်ရာသီအကုန်ကျရင် ကုန်ဆုံးတော့မှာပါ။

သောမတ်စ်မူလာဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝတစ်လျှောက်လုံး ဘိုင်ယန်မြူးနစ်အသင်း တစ်သင်းတည်းမှာသာ ကစားခဲ့တာဖြစ်ပြီး ဘွန်ဒက်လီဂါဖလား ၁၂ ကြိမ်၊ချန်ပီယံလိဂ်ဖလား ၂ ကြိမ် အပါအဝင် ဆုဖလားအများအပြားရယူထားတာဖြစ်ပါတယ်။

Source: Goal