CNI Sport News

၂၀၂၅ ခုနှစ်၊ ဧပြီ ၂၉

လီဗာပူးလ်အသင်း နည်းပြဟောင်း ကလော့ပ်နဲ့ရင်းနှီးတဲ့ မိတ်ဆွေ မီရိုဆလပ်ဗ်တန်ဂါက ဂျာမနီလူမျိုးနည်းပြဟာ ရီးရယ်လ်နဲ့ ဂျာမနီလက်ရွေးစင်အသင်းကို နည်းပြအဖြစ် ကိုင်တွယ်ဖို့ ဆန္ဒရှိတယ်လို့ ပြောခဲ့ပါတယ်။ 

မီရိုဆလပ်ဗ်တန်ဂါက “လီဗာပူးလ်အသင်းကနေ ထွက်ခွာချိန်မှာ ကလော့ပ်က ဂျာမနီနိုင်ငံအသင်းနဲ့ ရီးရယ်လ် အသင်းမှာ နည်းပြဖြစ်ချင်တဲ့ သူ့ရဲ့ဆန္ဒနှစ်ခုကို ပြောခဲ့ပါတယ်။ ဒါတွေက အမှန်တကယ် ဖြစ်လာနိုင်မလား ဆိုတာ တော့ ကျနော်မသိပါဘူး။ သူဟာ ရီးရယ်လ်အသင်းရဲ့ နည်းပြစာရင်းထဲမှာ ပါဝင်နေပေမယ့် အခုအချိန်မှာ ဒါတွေက ထင်ကြေးပေးမှု သက်သက်ပါပဲ။ လီဗာပူးလ်အသင်းကလွဲရင် သူဟာ အင်္ဂလန်မှာ ဘယ်အသင်းကိုမှ ကိုင်တွယ်မှာ မဟုတ်သလို စီးရီးအေ ဒါမှမဟုတ် ပြင်သစ်ကိုလည်း သူသွားမှာ မဟုတ်ပါဘူး။ တချိန်ချိန်မှာတော့ သူဟာ ဂျာမနီ နည်းပြဖြစ်လာမယ်လို့ ကျနော်ထင်ကြောင်း” AS ကို ပြောခဲ့တာပါ။ 

ကလော့ပ်ဟာ ပြီးခဲ့တဲ့နွေရာသီက လီဗာပူးလ်အသင်းကနေ ထွက်ခွာပြီးနောက် အခုအချိန်မှာ ရက်ဘူးလ် အစုအဖွဲ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးအကြီးအကဲအဖြစ် တာဝန်ယူ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ 

ကလော့ပ်ဟာ နည်းပြရာထူးထဲကို ပြန်လည်ဝင်ရောက်ဖို့ မရှိသေးပေမယ့် သူ့ကိုခေါ်ယူဖို့ အသင်းအချို့က ချိတ်ဆက်မှုတွေရှိနေကြတာပါ။

ရီးရယ်လ်အသင်းဟာ ရာသီကုန်မှာ ထွက်ခွာမယ့် နည်းပြအန်ဆယ်လော့တီရဲ့ နေရာမှာ အစားထိုးဖို့ စီစဉ်ထားတဲ့ နည်းပြစာရင်းထဲမှာ ကလော့ပ်လည်း ပါဝင်နေတာ ဖြစ်ပါတယ်။ 

ဒီအချိန်မှာ ကလော့ပ်နဲ့ မိန့်ဇ်အသင်းမှာ အသင်းဖော်တွေအဖြစ် လက်တွဲခဲ့ဖူးတဲ့ တန်ဂါက သူ့ရဲ့မိတ်ဆွေဟာ ရီးရယ်လ်နဲ့ ဂျာမနီလက်ရွေးစင်အသင်းကို ကိုင်တွယ်ဖို့ ဆန္ဒရှိတဲ့အကြောင်း ပြောလာခဲ့တာပါ။ 

ကလော့ပ်ဟာ နည်းပြရာထူးနဲ့ပတ်သက်ပြီး သတင်းတွေ ထွက်နေပေမယ့် သူ့ရဲ့အေးဂျင့်က ရက်ဘူးလ် အစုအဖွဲ့ မှာပဲ ဆက်ရှိမယ်လို့ အတည်ပြုထားတာ ဖြစ်ပါတယ်။ 

Source: Goal