CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၄

စကော့တလန်အသင်းနည်းပြ စတိဗ်ကလာ့ခ်က အိမ်ရှင်ဂျာမနီအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ယူရို ၂၀၂၄ အဖွင့်ပွဲစဉ် မတိုင်ခင်မှာ သူတို့ဟာ ဘယ်အသင်းကိုမှ မကြောက်ရွံ့ဘူးလို့ ပြောလိုက်ပါတယ်။

စတိဗ်ကလာ့ခ်က “အိမ်ရှင်နိုင်ငံကို ကျနော်တို့ လေးစားမှုရှိပြီး သူတို့က ကောင်းမွန်တဲ့ အသင်းဆိုတာ ကျနော်တို့ သိပါတယ်။ ဒီပွဲက ခက်ခဲမယ့်ပွဲပါ။ ကျနော်တို့ဟာ အားလုံးကို လေးစားမှု အပြည့်ရှိပေမယ့် ဘယ်သူ့ကိုမှ ကြောက်ရွံ့နေမှာ မဟုတ်ဘူး”လို့ ပြောကြားလိုက်ပါတယ်။

စတိဗ်ကလာ့ခ်ဟာ စကော့တလန်အသင်းကို အဓိကပြိုင်ပွဲတွေမှာ ရှုံးထွက်အဆင့်ရောက်အောင် ပို့ဆောင်ပေး နိုင်တဲ့ ပထမဆုံးနည်းပြဖြစ်လာဖို့ မျှော်လင့်နေပေမယ့် ယူရိုချန်ပီယံဆုကို ၃ ကြိမ်အထိ ရရှိထားတဲ့ ဂျာမနီအသင်း နဲ့ ခက်ခဲတဲ့အဖွင့်ပွဲစဉ်ကို ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။ 

ယူရိုပြိုင်ပွဲကို ၄ ကြိမ်မြောက်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် စကော့တလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အပါအဝင် ယှဉ်ပြိုင်ခဲ့တဲ့ အဓိကပြိုင်ပွဲ ၁၁ ကြိမ်စလုံး အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခြင်း မရှိသေးပါဘူး။

စကော့တလန်အသင်း နည်းပြ စတိဗ်ကလာ့ခ်ကို တွေ့ရစဉ်

စကော့တလန်အသင်း ခေါင်းဆောင် ရောဘတ်ဆန်က ဂျာမနီအသင်းနဲ့ အဖွင့်ပွဲစဉ်မတိုင်ခင် သူတို့မှာ ဘာဖိအားမှ မရှိဘူးလို့ ပြောခဲ့ပါတယ်။

ရောဘတ်ဆန်က “ကျနော်တို့ဟာ ဒီပွဲစဉ်မှာ အကောင်းဆုံးလုပ်နိုင်ဖို့ ယုံကြည်ပြီး ဒါကိုပြသဖို့ကလည်း ကျနော်တို့ အပေါ်မှာပဲ မူတည်ပါတယ်။ ဒီပွဲအတွက် ကျနော်တို့အပေါ်မှာ ဘာဖိအားမှ မရှိပါဘူး။ ကျနော်တို့ဟာ သမိုင်းကို ဖန်တီးနိုင်တဲ့ အသင်းတစ်သင်း ဖြစ်တယ်ဆိုတာယုံကြည်တယ်”လို့ ပြောပါတယ်။

ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် သောင်းနဲ့ချီတဲ့ စကော့တလန်အသင်း ပရိသတ်တွေဟာ သူတို့ရဲ့နိုင်ငံအသင်းကို အားပေးမှုတွေပြုလုပ်ဖို့ ဂျာမနီနိုင်ငံကို ရောက်ရှိနေကြပါတယ်။

ဂျာမနီအသင်းနဲ့ စကော့တလန်အသင်းတို့ရဲ့ ယူရို ၂၀၂၄ အဖွင့်ပွဲစဉ်ကို ဇွန်လ ၁၅ ရက်မနက်ပိုင်းမှာ ယှဉ်ပြိုင်သွား မှာဖြစ်ပါတယ်။

Source: besoccer