CNI Sport News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၈

ဝါရင့်ဂိုးသမားတစ်ဦးဖြစ်တဲ့ နူအာဟာ မကြာသေးခင်က ဒဏ်ရာကနေ အပြည့်အဝပြန်လည်ကောင်းမွန်ပြီး ဘိုင်ယန်မြူးနစ်အသင်းအတွက် ပါဝင်ကစားပေးခဲ့ပေမယ့် ဂျာမနီအတွက် ပြန်လည်ပါဝင်ဖို့ စောလွန်းတယ်လို့ ပြောခဲ့ပါတယ်။

နူအာက “ကျနော်အချိန်လိုအပ်နေသေးပြီး ပွဲတွေက စောလွန်းပါတယ်။ အခုဖြစ်နေတဲ့အရာတွေက ကျနော့် အတွက် အပိုဆုပါ။ ကျနော်ဟာ အလွန်ပြင်းထန်တဲ့ ဒဏ်ရာကနေ ပြန်လာနိုင်ခဲ့တာပါ။ ကျနော်က ရည်မှန်းချက် ကြီးမားတဲ့သူဖြစ်ပြီး အသင်းကို အကောင်းဆုံးဆိုတဲ့အရာတွေပေးချင်တာပါ။ လာမယ့်နှစ်မှာတော့ အကောင်းဆုံး ပုံစံနဲ့အတူ အရာတွေအားလုံးကို ပေးသွားပါမယ်”လို့ ပြောခဲ့တာပါ။

ခြေထောက်ကျိုးတာကို ခွဲစိတ်မှုခံယူပြီးနောက် တစ်နှစ်နီးပါးကြာအနားယူခဲ့ရတဲ့ နူအာဟာ ပြီးခဲ့တဲ့ ဒမ်စတက် အသင်းနဲ့ ပွဲစဉ်ကမှ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြန်လည်ပါဝင်ကစားပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ်ရှိ နူအာဟာ အခုဆိုရင် ဘိုင်ယန်မြူးနစ်အသင်းအတွက် ၃ ပွဲအထိပါဝင်ကစားပေးထားပြီးပြီဖြစ်လို့ ဂျာမနီလက်ရွေးစင်အသင်းအတွက် ပြန်ပါဝင်လာနိုင်ဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့တာပါ။


ဂျာမနီအသင်းနည်းပြ နာဂျယ်လ်စမန်းနဲ့ ပုံမှန်အဆက်အသွယ်ရှိနေတဲ့ နူအာဟာ လာမယ့်နိုင်ငံတကာပွဲစဉ်တွေမှာ နိုင်ငံအသင်းအတွက် ပါဝင်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ဂျာမနီအသင်းဟာ နူအာမပါဝင်နိုင်တဲ့အချိန်တွေမှာ ဘာစီလိုနာအသင်းဂိုးသမား တာစတီဂျန်ကို နံပတ်တစ်ဂိုးသမားအဖြစ် အသုံးပြုနေတာဖြစ်ပေမယ့် ဘိုင်ယန်မြူးနစ်အသင်းဂိုးသမားကတော့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ လက်ရွေးစင်အသင်းအတွက် ပါဝင်နိုင်ဖို့ အာရုံစိုက်နေတာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာလကမှ ဂျာမနီအသင်းကို နည်းပြသစ်အဖြစ် စတင်တာဝန်ယူနေတဲ့ နာဂျယ်လ်စမန်းဟာ နိုဝင်ဘာလထဲမှာ ကစားမယ့် နိုင်ငံတကာခြေစမ်းပွဲတွေအတွက် အသင်းလူစာရင်းကို မကြာခင်ရက်ပိုင်းအတွင်းမှာ ထုတ်ပြန်သွားဖို့ ရှိနေပါတယ်။ နူအာဟာ ဂျာမနီအသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်ခဲ့ပေမယ့် သူမပါဝင်နိုင်တဲ့ အချိန်တွေမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနေတဲ့ ဂန်ဒိုဂန်ဟာ နူအာပြန်ပါဝင်လာရင်လည်း လက်ရွေးစင် အသင်းခေါင်းဆောင်လက်ပတ်ကို ဆက်ဝတ်ဆင်ရမယ်လို့ နာဂျယ်လ်စမန်းက ပြောထားတာပါ။

ဂျာမနီအသင်းဟာ နိုဝင်ဘာ ၁၈ ရက်မှာ တူရကီ၊ ၂၁ ရက်မှာ သြစတြီးယားအသင်းတို့နဲ့ ခြေစမ်းပွဲယှဉ်ပြိုင် သွားမှာဖြစ်ပါတယ်။

Source:Besoccer