CNI Sport News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၈

ဆော်ဒီပရိုလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ အယ်လ်အစ်တီဟတ်အသင်းဟာ ရလဒ်ဆိုးတွေကြောင့် နည်းပြဖြစ်သူ နူနိုဆန်တိုကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။

အယ်လ်အစ်တီဟတ်အသင်းဟာ ဒီရာသီလိဂ်ပွဲ ၁၂ ပွဲကစားအပြီးမှာ ၆ ပွဲသာအနိုင်ရရှိထားကာ နောက်ဆုံး ကစား ခဲ့တဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ်မှာလည်း အီရတ်ကလပ်ကို အရေးနိမ့်ခဲ့တာပါ။ အယ်လ်အစ်တီဟတ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ လိဂ်ပွဲစဉ် ၅ ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးခဲ့တာကြောင့်  ထိပ်ဆုံးနေရာရပ်တည်နေတဲ့ အယ်လ်ဟီလယ်အသင်းနဲ့ ၁၁ မှတ်အထိကွာဟသွားတာဖြစ်ပါတယ်။ 

အသက် ၄၉ နှစ်အရွယ်ရှိ နူနိုဆန်တိုဟာ အယ်လ်အစ်တီဟတ်အသင်းကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှ စတင်ကိုင်တွယ် ခဲ့တာပါ။ နူနိုဆန်တိုဟာ ပြီးခဲ့တဲ့ရာသီက အယ်လ်အစ်တီဟတ်အသင်းကို ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် ဒီရာသီမှာ ရလဒ်ဆိုးတွေအပြင် တိုက်စစ်မှူး ဘန်ဇီမာနဲ့ ဆက်ဆံရေး တင်းမာမှုတွေကြောင့် ဆော်ဒီကလပ်ရဲ့ ထုတ်ပယ်ခြင်းခံခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ 

လက်ရှိအချိန်မှာ အယ်လ်အစ်တီဟတ်အသင်းကို လက်ထောက်နည်းပြ အယ်လ်ခါလီဖာက ယာယီနည်းပြအဖြစ် ကိုင်တွယ်သွားမှာပါ။ အယ်လ်အစ်တီဟတ်အသင်းဟာ ပြင်သစ်လူမျိုးနည်းပြတစ်ဦး ရှာဖွေနေတယ်လို့ သိရပြီး သူတို့ရဲ့ စာရင်းထဲမှာ လောရင့်ဘလန့်နဲ့ ဇီဒန်းတို့ ပါဝင်နေတာဖြစ်ပါတယ်။ ဆော်ဒီကလပ်ဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့တုန်းက ဘန်ဇီမာအပြင် ချယ်လ်ဆီးအသင်းက ကန်တီ၊ လီဗာပူးလ်အသင်းက ဖာဘင်ဟိုနဲ့ ဆဲလ်တစ်အသင်းက ဂျိုတာတို့ကို ခေါ်ယူခဲ့ပြီး အမှတ်ပေးချန်ပီယံဆု ဆက်ထိန်းသိမ်းဖို့နဲ့ အာရှချန်ပီယံလိဂ် ပြိုင်ပွဲမှာ အောင်မြင်မှုရယူနိုင်ဖို့ ပစ်မှတ်ထားခဲ့တာပါ။

အယ်လ်အစ်တီဟတ်အသင်းဟာ နိုဝင်ဘာ ၉ ရက်မှာ ဆော်ဒီပရိုလိဂ်ပွဲစဉ်အဖြစ် အက်ဘာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:BBC