CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃
ဘိုင်ယန်မြူးနစ်အသင်းဂိုးသမား နူအာဟာ အနားယူတဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြောင်းပြီး ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဂျာမနီအသင်းအတွက် ပါဝင်ကစားနိုင်ဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်နေပေမယ့် သူကတော့ ကလပ်အသင်းအတွက်သာ အာရုံစိုက်ထားတယ်လို့ ပြောခဲ့ပါတယ်။
နူအာက “ကျနော်ဟာ ကလပ်အသင်းအတွက် အာရုံစိုက်ထားပြီး ဒီမှာကျနော့်ရဲ့ စွမ်းဆောင်ရည်ကို ပြသချင် ပါတယ်။ အဲ့ဒါက ကျနော့်အတွက် အရေးအကြီးဆုံးအရာပါ။ ဘာလို့လဲဆိုရင် ဒီအသင်းနဲ့ အများကြီးအနိုင်ရ နိုင်လိုပါ”လို့ Sky Sports နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
ဂျာမနီလက်ရွေးစင်အသင်းအတွက် ၁၂၄ ပွဲပါဝင်ကစားပြီး ၂၀၁၄ ကမ္ဘာ့ဖလား ချန်ပီယံဆုရယူနိုင်ခဲ့တဲ့ နူအာဟာ ၂၀၂၄ ခုနှစ်၊ သြဂုတ်လမှာ နိုင်ငံအသင်းကနေ အနားယူကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။
နူအာ အနားယူပြီးကတည်းက ဂျာမနီအသင်းရဲ့ နံပါတ်တစ် ဂိုးသမားနေရာဟာ မတည်မငြိမ်ဖြစ်နေခဲ့တာပါ။

နူအာကို တွေ့ရစဉ်
ဘာစီလိုနာအသင်း ဂိုးသမား စတီဂန်ဟာ နူအာရဲ့နေရာမှာ အစားထိုး ဝင်ရောက်မယ့်သူအဖြစ် မျှော်လင့်ခဲ့ပေမယ့် သူဟာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရပါတယ်။
အဲ့ဒါကြောင့် ဂျာမနီအသင်းနည်းပြ နာဂယ်လ်စမန်းဟာ ဟော့ဖန်ဟိမ်းအသင်းဂိုးသမား အိုလီဗာကို နံပါတ်တစ် ဂိုးသမားအဖြစ် အသုံးပြုနေရတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဂျာမနီအသင်း ဂိုးသမားနေရာဟာ တည်ငြိမ်မှု မရှိတဲ့အတွက် နူအာဟာ အနားယူတဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားနိုင်တယ်လို့ သတင်းတွေထွက်ခဲ့တာပါ။
နူအာကတော့ သူဟာ ဘိုင်ယန်မြူးနစ်အသင်း အတွက်သာ အာရုံစိုက်နေတယ်လို့ ပြောခဲ့ပါတယ်။
နူအာဟာ ဒီရာသီကုန်ရင် ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်ကုန်ဆုံးမှာဖြစ်လို့ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်မယ့် အရာကို စောင့်ဆိုင်းမှုတွေရှိနေကြပါတယ်။
နူအာက သူဟာ ဒါကို အေးအေးဆေးဆေး ဆုံးဖြတ်ချင်ပြီး ခန္ဓာကိုယ်နဲ့ ကျန်းမာရေး အခြေအနေကို ကြည့် ရဦးမယ်လို့ ပြောခဲ့ပါတယ်။
၂၀၁၁ ခုနှစ်မှာ ရှော်လ်ကေးအသင်းကနေ ရောက်ရှိလာခဲ့တဲ့ နူအာဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပွဲပေါင်း ၅၈၀ နီးပါး ပါဝင်ကစားထားတာ ဖြစ်ပါတယ်။
Source: Sportsmole
