CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃၀ 

ဘိုင်ယန်မြူးနစ်အသင်းဟာ လီဗာပူးလ်အသင်းရဲ့ ဘရာဇီးလ်ဂိုးသမား အလီဆွန်ကို လာမယ့်နှစ်မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ The Sun က ဖော်ပြထားပါတယ်။ 

ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျာမနီဂိုးသမားဟောင်း နူအာရဲ့နေရာမှာ အစားထိုးဖို့ ဂိုးသမားရှာဖွေနေတာဖြစ်ပြီး လီဗာပူးလ်အသင်းဂိုးသမား အလီဆွန်ဟာ သူတို့ရဲ့ဦးစားပေးတွေထဲက တစ်ဦးအဖြစ်ရှိနေတာပါ။ 

ဒီရာသီမကုန်ခင် အသက် ၃၉ နှစ်ပြည့်တော့မယ့် နူအာဟာ ပြီးခဲ့တဲ့ ရာသီတွေအတွင်းမှာ ဒဏ်ရာ အများအပြားနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ 

နူအာဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ နံပါတ်တစ် ဂိုးသမားဖြစ်နေပေမယ့် ၂၀၂၂-၂၃ ရာသီမှာ ဘွန်ဒက်လီဂါ ၁၂ ပွဲနဲ့ မနှစ်ကရာသီမှာ ဘွန်ဒက်လီဂါ ၂၃ ပွဲသာ ပါဝင်ကစားခဲ့တာပါ။ 

နူအာနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးမှာဖြစ်ပြီး အသင်းမှာ ဆက်ရှိမလားဆို တာ ဆုံးဖြတ်ရခြင်း မရှိသေးပါဘူး။ 

နူအာကို တွေ့ရစဉ်

လီဗာပူးလ်အသင်းကလည်း ဂျော်ဂျီယာဂိုးသမား မာမာဒက်ရှ်ဗီလီကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပြီး သူကတော့ လာမယ့်နွေရာသီမှာ ဗလင်စီယာအသင်းကနေ ရောက်ရှိလာမှာပါ။

အဲဒါကြောင့် မာမာဒက်ရှ်ဗီလီ ရောက်ရှိလာရင် အလီဆွန်ဟာ လီဗာပူးလ်အသင်းမှာ နံပတ်တစ်ဂိုးသမား နေရာ အတွက် ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။ 

ဒီအချက်ကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ လီဗာပူးလ်အသင်းနဲ့ ၂၀၂၇ အထိ စာချုပ်ရှိနေတဲ့ အလီဆွန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။ 

အလီဆွန်ဟာ ပြီးခဲ့တဲ့နွေရာသီက ဆော်ဒီပရိုလိဂ်ကလပ် အသင်းတွေရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ပေမယ့် လီဗာပူးလ် အသင်းမှာ ဆက်ပြီးရှိနေခဲ့တာ ဖြစ်ပါတယ်။ 

အသက် ၃၂ နှစ် အရွယ်ရှိ အလီဆွန်ဟာ လီဗာပူးလ်အသင်းကို ၂၀၁၈ ခုနှစ်က ရိုးမားအသင်းကနေ ပေါင် ၆၆.၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး ပွဲပေါင်း ၂၆၉ ပွဲပါဝင်ကစားကာ ၁ ဂိုးသွင်းယူထားတာပါ။

အလီဆွန်ဟာ လီဗာပူးလ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ ဖီဖာကလပ် ကမ္ဘာ့ဖလား အပါအဝင် ဆုဖလား အများအပြား ရယူနိုင်ခဲ့ပြီး ဘရာဇီးလ်အသင်းအတွက် ၇၁ ပွဲ ပါဝင်ကစားထားတာ ဖြစ်ပါတယ်။ 

Source: Metro