CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၂၈
အသက် ၄၀ နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ ဂျာမနီဂိုးသမားဟောင်း နူအာဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ၂ ဦးဖြစ်တဲ့ မက်ဆီ၊ ရော်နယ်လ်ဒိုတို့နဲ့ တူညီတဲ့ အဆင့်မှာ ရှိတယ်လို့ ရှော်လ်ကေးအသင်းမှာ အတူလက်တွဲခဲ့ဖူးတဲ့ နည်း
ပြ ဟောင်း ဖီးလစ်မာဂတ်က ပြောခဲ့ပါတယ်။
ဖီးလစ်မာဂတ်က “နူအာရဲ့ စွမ်းဆောင်ရည်၊ ဘိုင်ယန်နဲ့ နိုင်ငံအသင်းအတွက် သူ့ရဲ့အရေးပါမှု၊ သူ့ရဲ့ အောင်မြင်မှု တွေက သူကစားတဲ့ နေရာမှာ မက်ဆီ၊ ရော်နယ်လ်ဒိုတို့နဲ့ တူညီတဲ့ အဆင့်မှာရှိတယ်လို့ ကျနော်မြင်ပါတယ်။ ဘိုင်ယန်ဟာ ကမ္ဘာ့အဆင့် ဂိုးသမားတစ်ဦးကို ၁၅ နှစ်ကြာ ပိုင်ဆိုင်ခဲ့ပါတယ်။ ဒီနေ့ခေတ် ဈေးကွက်မှာ နူအာရဲ့ ထိပ်တန်း စွမ်းဆောင်ရည်မျိုးနဲ့ဆိုရင် ယူရိုသန်း ၁၅၀ တန်ကြေးရှိမှာ သေချာတယ်”လို့ Bild ကို ပြောခဲ့ပါတယ်။
နူအာဟာ လက်ရှိအချိန်ထိ အကောင်းဆုံးပုံစံ ပြသနေဆဲဖြစ်သလို အသင်းဖော်တွေနဲ့ ကစားကွက် ချိတ်ဆက် ကစားတဲ့ ဂိုးသမား အခန်းကဏ္ဍမှာ ဘယ်ဂိုးသမားထက်မဆို ကောင်းမွန်မှုရှိနေတာပါ။

ဂိုးသမား နူအာကို တွေ့ရစဉ်
၂၀၁၁ ခုနှစ်မှာ ရှော်လ်ကေးအသင်းကနေ ရောက်လာခဲ့တဲ့ နူအာဟာ ဘိုင်ယန်မြူးနစ်အသင်းမှာရှိတာ ၁၅ နှစ် ကြာပြီဖြစ်ပြီး အသင်းအတွက် ပွဲပေါင်း ၅၉၀ ကစားထားတာ ဖြစ်ပါတယ်။
နူအာဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဘွန်ဒက်လီဂါဖလား ၁၂ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ် အပါအဝင် ဆုဖလား ပေါင်း ၃၀ ခုအထိ ရယူနိုင်ခဲ့တာပါ။
ဒါ့အပြင် နူအာဟာ ဂျာမနီလက်ရွေးစင်အသင်းနဲ့ ၂၀၁၄ ဖီဖာကမ္ဘာ့ဖလား ရရှိထားတာ ဖြစ်ပါတယ်။
နူအာနဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ လက်ရှိစာချုပ်ဟာ ဒီရာသီ ကုန်ရင် ကုန်ဆုံးမှာဖြစ်လို့ ဝါရင့်ဂိုးသမား အနေနဲ့ နွေရာသီမှာ အနားယူဖို့ ဆုံးဖြတ်မလား ဒါမှမဟုတ် ဆက်ကစားဦးမလားဆိုတာ စောင့်ကြည့်နေကြတာပါ။
ဘိုင်ယန်မြူးနစ်အသင်း အားကစားဒါရိုက်တာက သူတို့ဟာ နူအာနဲ့ အဆတ်မပြတ် ဆွေးနွေးမှုတွေရှိနေပြီး သူရဲ့တွေးနေမှုနဲ့ ခံစားနေရတဲ့ အရာတွေကို သိတယ်လို့ ပြောခဲ့ပါတယ်။
နူအာဟာ လက်ရှိအချိန်မှာ ဒဏ်ရာကနေ အမြန်ဆုံး ပြန်ပြီးကောင်းမွန်လာဖို့ ကြိုးပမ်းနေပါတယ်။
Source: Goal
