CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၂၈
ဘာစီလိုနာအသင်း တောင်ပံကစားသမား ရာဖင်ညာဟာ တံကောက်ကြော ဒဏ်ရာကြောင့် ၅ ပတ်ကြာ အနားယူ ရမှာဖြစ်လို့ အက်သလက်တီကိုအသင်းနဲ့ ချန်ပီယံလိဂ်ပွဲ အပါအဝင် အသင်းရဲ့ပွဲတချို့ကို လွဲချော်မယ်လို့ ESPN က ဖော်ပြထားပါတယ်။
ပြင်သစ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲမှာ ဘရာဇီးလ်အသင်းအတွက် ပါဝင်ကစားခဲ့တဲ့ ရာဖင်ညာ ဟာ ပထမပိုင်း ပွဲချိန်အတွင်း ဒဏ်ရာရရှိခဲ့တာပါ။
ရာဖင်ညာရဲ့ ဒဏ်ရာ အခြေအနေကို စစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာ ညာဘက် တံကောက်ကြောဒဏ်ရာ ရခဲ့တယ်လို့ ဘရာဇီးလ်ဆေးအဖွဲ့က အတည်ပြုခဲ့ပါတယ်။
ရာဖင်ညာဟာ လက်ရှိအချိန်မှာ ကုသမှုခံယူဖို့ ဘာစီလိုနာထံ ပြန်သွားခဲ့ပေမယ့် မေလအထိ ပွဲတွေကစားနိုင်မှာ မဟုတ်တာကြောင့် ဘာစီလိုနာအသင်းရဲ့ ပွဲကြီးပွဲကောင်းတွေကို လွဲချော်တော့မှာပါ။

ရာဖင်ညာကို တွေ့ရစဉ်
လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရီးရယ်လ်အသင်းကို ၄ မှတ်ဖြတ်ပြီး ဦးဆောင်နေတဲ့ ဘာစီလိုနာ အသင်းဟာ လာမယ့် ရက်သတ္တပတ်အတွင်း အက်သလက်တီကိုအသင်းနဲ့ ၃ ကြိမ်တွေ့ဆုံရမှာဖြစ်ပါတယ်။
နိုင်ငံတကာပွဲတွေပြီးနောက် ဧပြီလ ၄ ရက်မှာ ဘာစီလိုနာအသင်းဟာ အက်သလက်တီကိုအသင်း အိမ်ကွင်း သွားရောက်ကာ လာလီဂါပွဲစဉ် ယှဉ်ပြိုင်ရမှာပါ။
ဘာစီလိုနာအသင်းဟာ ဧပြီလ ၈ ရက်နဲ့ ၁၄ ရက်တွေမှာ အက်သလက်တီကိုအသင်းနဲ့ ချန်ပီယံလိဂ် ကွာတား ဖိုင်နယ်နှစ်ကျော့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ၃၁ ပွဲ ကစားထားပြီး ၁၉ ဂိုး သွင်းယူထားတဲ့ ရာဖင်ညာဟာ တံကောက် ကြော ဒဏ်ရာတွေနဲ့ ရင်ဆိုင်နေရပြီး စက်တင်ဘာနဲ့ နိုဝင်ဘာလအတွင်းမှာ ကလပ်နဲ့နိုင်ငံအသင်းအတွက် ၁၃ ပွဲ လွဲချော်ခဲ့ပါတယ်။
ဒါ့အပြင် ရာဖင်ညာဟာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီအတွင်းမှာ ဘာစီလိုနာအသင်းအတွက် ၃ ပွဲ ပါဝင်ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။
ဘာစီလိုနာအသင်းဟာ ရာဖင်ညာ မပါဝင်နိုင်တဲ့ပွဲတွေမှာ ရက်ရှ်ဖို့ဒ်ကို ပွဲထွက် လူစာရင်းထဲ အသုံးပြုဖို့ရှိနေပြီး အခြား ရွေးချယ်စရာတွေအဖြစ် အော်လ်မိုနဲ့ဖာမင်လိုပက်ဇ်တို့ကိုလည်း အသုံးပြုလို့ရတာ ဖြစ်ပါတယ်။
Source: ESPN
