CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၂၈
အင်္ဂလန်နဲ့ဥရုဂွေးအသင်း ၁ ဂိုးစီ သရေကျခဲ့တဲ့ ခြေစမ်းပွဲမှာ နောက်ခံလူ ဘင်ဝှိုက်ကို အင်္ဂလန်ပရိသတ်တွေ လှောင်ပြောင်မှု ပြုလုပ်ခဲ့တဲ့အပေါ် စိတ်ပျက်မိကြောင်း နည်းပြတူချယ်လ်က ပြောခဲ့ပါတယ်။
တူချယ်လ်က “ကျနော်ဟာ အပြောင်းအလဲတွေနဲ့ ညွှန်ကြားမှုတွေကို ပြုလုပ်နေရလို့ လှောင်ပြောင်မှုတွေကို မကြားခဲ့ရပါဘူး။ ဒါပေမယ့် ကျနော်တို့ရဲ့ ကစားသမားတွေကို ကာကွယ်ရမှာ ဖြစ်တဲ့အတွက် ဒါက စိတ်ပျက်ဖို့ ကောင်းပါတယ်။ သူဟာ ပါဝင်ကစားဖို့ ထိုက်တန်သလို ကျနော်တို့ အနိုင်ရအောင် နီးပါးအထိ လုပ်ပေးခဲ့ပါတယ်။ ကျနော်တို့သူ့ကို အမြဲတမ်း ကာကွယ်သွားမှာဖြစ်ပြီး သူ့ကိုအခွင့်အရေးပေးဖို့ အသင့်ဖြစ်နေလို့ အားလုံး လက်ခံနိုင် ဖို့ မျှော်လင့်ကြောင်း” ပြောခဲ့တာပါ။
ဒီပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာ လူစားလဲ ဝင်ရောက်လာပြီး ၄ နှစ်အကြာမှ အင်္ဂလန်အသင်းအတွက် ပထမဆုံး ပွဲပြန် ကစားနိုင်ခဲ့တဲ့ ဘင်ဝှိုက်ဟာ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေကို ခံခဲ့ရတာဖြစ်ပါတယ်။

ဘင်ဝှိုက် တားဆီးနေစဉ်
ဘင်ဝှိုက်ဟာ ဒီပွဲမှာ အင်္ဂလန်အသင်း ကစားသမားဘဝ ပထမဆုံး သွင်းဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ထပ်ဆောင်း အချိန်ပိုမှာ ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ ဥရုဂွေးအသင်းကို ပယ်နယ်တီ ပေးခဲ့ရတာပါ။
ဥရုဂွေးအသင်းဟာ ဒီပယ်နယ်တီကနေ ချေပဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်း နောက်ခံလူ ဘင်ဝှိုက်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် ပါဝင်ခဲ့ ပေမယ့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြောင်းပြချက်နဲ့ ပြိုင်ပွဲကနေ စောစီးစွာ အိမ်ပြန်သွားခဲ့တာပါ။
သတင်းတွေမှာတော့ ဘင်ဝှိုက်ဟာ အင်္ဂလန်အသင်း နည်းပြဟောင်း ဆောက်ဂိတ်ရဲ့ နည်းပြအဖွဲ့ဝင်တွေနဲ့ သဘောထား ကွဲလွဲမှုဖြစ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒီနောက်ပိုင်းမှာ အင်္ဂလန်အသင်းရဲ့ ခေါ်ယူမှုတွေကို ငြင်းဆန်ခဲ့တဲ့ ဘင်ဝှိုက်ဟာ နည်းပြတူချယ်လ်က လေဗာကူဆင်အသင်း နောက်ခံလူ ကွမ်ဆာ ဒဏ်ရာကြောင့် ထွက်ခွာသွားခဲ့တဲ့အတွက် သူ့ကို ခေါ်ယူမှု ပြုလုပ်လာခဲ့တာပါ။
ဥရုဂွေးအသင်းနဲ့ပွဲမှာ အင်္ဂလန်အသင်းရဲ့ ကစားသမား ၂ ဦးဖြစ်တဲ့ မာဒူအက်ကေးနဲ့ ဖိုဒန်တို့ ဒဏ်ရာရရခဲ့ပြီး ဒီပွဲကို ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးရဲ့ စွမ်းဆောင်ရည်က ကောင်းမွန်ခဲ့ခြင်း မရှိဘူးလို့ နည်းပြတူချယ်လ်က ပြောခဲ့ပါတယ်။
Source: ESPN
