CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၄

ယူနိုက်တက်အသင်းဟာ အဲဗာတန်အသင်းနောက်ခံလူ ဘရန်ဝိတ်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိခဲ့ပေမယ့် သူ့ကိုခေါ်ယူနိုင်ဖို့အတွက် ပေါင်သန်း ၇၀ ပေးချေရဖွယ် ရှိနေပါတယ်။

ယူနိုက်တက်အသင်းဟာ လာမယ့်ရာသီအတွက် ဗဟိုနောက်ခံလူ ပစ်မှတ်အဖြစ် ဘရန်ဝိတ်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိခဲ့တာပါ။

The Times က ယူနိုက်တက်အသင်းဟာ ဘရန်ဝိတ်အတွက် အဲဗာတန်အသင်းနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု မရရှိ သေးပေမယ့် အဲဗာတန်အသင်းဟာ ပေါင်သန်း ၇၀ အလိုရှိနေတယ်လို့ ဖော်ပြထားပါတယ်။ 

ဘရန်ဝိတ်ဟာ ပြီးခဲ့တဲ့ရာသီက အဲဗာတန်အသင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဆက်ပြီးရှိနေနိုင်အောင် ခြေစွမ်းပြသ နိုင်ခဲ့တာပါ။

အဲဒါကြောင့် အသက် ၂၁ နှစ်အရွယ်ရှိ ဘရန်ဝိတ်ဟာ အသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်ခဲ့ပြီး ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်းရဲ့ ပဏာမလူစာရင်းမှာလည်း ရွေးချယ်ခံခဲ့ရပါတယ်။ 

ဘရန်ဝိတ်ကို တွေ့ရစဉ်

ဘရန်ဝိတ်ဟာ အင်္ဂလန်အသင်းရဲ့ အပြီးသတ် လူစာရင်းမှာ မပါဝင်ခဲ့ပေမယ့် သူ့ရဲ့ခြေစွမ်းကို အားလုံးက အသိအမှတ် ပြုခဲ့ကြတာပါ။

အရပ် ၆ ပေ ၅ လက်မရှိတဲ့ ဘရန်ဝိတ်အနေနဲ့ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့မယ်ဆိုရင် တစ်ပတ်လုပ်ခပေါင် ၁၅၀,၀၀၀ နဲ့ ၁၆၀,၀၀၀ ကြားရရှိမယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းရဲ့ အဓိကနောက်ခံလူ ဗာရန်းဟာ အသင်းက ထွက်ခွာသွားပြီဖြစ်သလို ဗဟိုနောက်ခံလူတွေ ဖြစ်တဲ့ မက်ဂွဲယား၊ လင်ဒီလော့ဖ်၊ မာတီနက်ဇ်နဲ့ အီဗန်စ်တို့ဟာ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရတာပါ။

အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ ဗဟိုနောက်ခံလူ တစ်ဦးကို ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားခဲ့ပြီး ဘရန်ဝိတ်ဟာ သူတို့ရဲ့ အဓိကပစ်မှတ် ဖြစ်လာခဲ့ပါတယ်။

မန်ချက်စတာကလပ်ဟာ ဝါရင့်နောက်ခံလူ အီဗန်စ်ကိုလည်း ၁ နှစ် စာချုပ်သစ်ချုပ်ဆိုဖို့ စီစဉ်နေတာပါ။

ယူနိုက်တက်အသင်းဟာ ရာသီသစ်အတွက် လေ့ကျင့်မှုတွေ ပြန်လည်စတင်မယ့်အချိန်မှာ ဘရန်ဝိတ်ကိုပါ ပူးပေါင်း ပါဝင်နိုင်စေဖို့အတွက် အပြောင်းအရွှေ့ကို အမြန်ဆုံး တွန်းအားပေး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

Source: Goal