CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၉

ယူနိုက်တက်အသင်း နောက်ခံလူဟောင်း ဗာရန်းဟာ စီးရီးအေတန်းတက်ကလပ် ကိုမိုအသင်းထံ နောက်ထပ် တစ်နှစ်သက်တမ်းတိုးခွင့် အပါအဝင် ၂ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ 

အသက် ၃၁ နှစ်အရွယ်ရှိ ဗာရန်းဟာ ပြီးခဲ့တဲ့ရာသီအကုန်မှာ ၃ ရာသီကြာ ကစားခဲ့တဲ့ ယူနိုက်တက်အသင်းနဲ့ စာချုပ် ကုန်ဆုံးပြီးနောက် ထွက်ခွာခဲ့တာပါ။

ဗာရန်းကို ခေါ်ယူဖို့ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်း အပါအဝင် ကမ်းလှမ်းမှုအချို့ရှိခဲ့ပေမယ့် ကစားသမားကတော့ ကိုမိုအသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 

ကိုမိုအသင်း နည်းပြအဖြစ် ခန့်အပ်ခံထားရတဲ့ ဖာဘရီဂတ်စ်က ဗာရန်းကို ခေါ်ယူခဲ့တာဟာ ကလပ်အတွက် သူတို့မှာ ရှိနေတဲ့ ရည်မှန်းချက်ရဲ့ သက်သေ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဗာရန်းနဲ့ ဖာဘရီဂတ်စ်တို့ဟာ ရီးရယ်လ်နဲ့ ဘာစီလိုနာအသင်းတို့မှာ ပြိုင်ဘက်တွေအဖြစ် ထိပ်တိုက်တွေ့ဆုံ ခဲ့ပေမယ့် အခုအချိန်မှာတော့ တစ်သင်းထဲမှာ အတူလက်တွဲ လုပ်ဆောင်ရတော့မှာပါ။ 

ဗာရန်းကို တွေ့ရစဉ်

ဗာရန်းကလည်း ကိုမိုအသင်းထံ ပြောင်းရွှေ့နိုင်ခဲ့လို့ ပျော်ရွှင်ပြီး ဖာဘရီဂတ်စ်ရဲ့ ဘောလုံးအပေါ် စိတ်အား ထက်သန်မှုနဲ့ ကစားပုံ အယူအဆတွေကို နှစ်သက်တယ်လို့ ပြောင်းရွှေ့အပြီးမှာ ပြောခဲ့ပါတယ်။ 

ကိုမိုအသင်းဟာ စီးရီးအေထိပ်တန်းလိဂ်နဲ့ ၂၁ နှစ်အကြာ ဝေးကွာပြီးမှ ဒီရာသီ ပြန်လည်ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာပါ။

ကိုမိုအသင်းဟာ ဒီအပြောင်းအရွှေ့မှာ ဗာရန်းအပြင် ဝါရင့်ဂိုးသမား ရေနာ၊ ဘယ်လော့တီ၊ ကိုနေး၊ ဒေါ့ဆီနာ၊ မိုရီနို တို့ကို ခေါ်ယူအားဖြည့်ထားတာ ဖြစ်ပါတယ်။

ကိုမိုအသင်းနည်းပြ ဖာဘရီဂတ်စ်နဲ့ သူ့ရဲ့ အာဆင်နယ် အသင်းဖော်ဟောင်း အွန်နရီတို့ဟာ ဒီအသင်းရဲ့ အစုရှယ်ယာတွေကို ပိုင်ဆိုင်ထားကြတာပါ။ 

ရာသီကြို ခြေစမ်းပွဲမှာ ရလဒ်ကောင်း ရရှိနေတဲ့ ကိုမိုအသင်းဟာ သြဂုတ် ၁၁ ရက်မှာ ကိုပါအီတာလီယာဖလား ၃၂ သင်း အဆင့်ပွဲစဉ်အဖြစ် ဆမ်ဒိုးရီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: ESPN