CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၉

ကနေဒါအမျိုးသမီးအသင်းနည်းပြ ပရီးစ်မန်းက ဒရုန်းအရှုပ်တော်ပုံကြောင့် နိုင်ငံအသင်းရဲ့ အိုလံပစ်ချန်ပီယံဆု ကာကွယ်မှုကို ထိခိုက်နိုင်တဲ့အတွက် ကြေကွဲရတယ်လို့ ပြောခဲ့ပါတယ်။

ပရီးစ်မန်းက “ကစားသမားတွေအတွက် လုံးဝကို ကြေကွဲရပါတယ်။ ဒီအခြေအနေဟာ အားလုံးအပေါ် သက်ရောက်မှု ရှိခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ ဒီအစုအဖွဲ့ဟာ အောင်မြင်မှုကို ရယူနိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားထားတာပါ။ ဒီအဖြစ်အပျက်တွေအတွက် တာဝန်ယူပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ အပြည့်အဝ ပူးပေါင်း ဖို့လည်း စီစဉ်ထားတယ်”လို့ ပြောခဲ့တာပါ။

ကနေဒါအသင်းဟာ သူတို့ရဲ့ အုပ်စုတွင်း ပြိုင်ဘက်ဖြစ်တဲ့ နယူးဇီလန်အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်ကို ဒရုန်း အသုံးပြုပြီး ထောက်လှမ်းခဲ့တဲ့အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ရဲ့ အရေးယူမှုကို ခံခဲ့ရတာဖြစ်ပါတယ်။ 

ဖီဖာဟာ ကနေဒါအသင်းကို ၆ မှတ်လျှော့ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး နည်းပြ ပရီးစ်မန်းနဲ့ ကနေဒါဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူ ၂ ဦးကို ၁ နှစ်ပွဲပယ်ခဲ့တာပါ။ ကနေဒါအစိုးရက ဖီဖာရဲ့ ပွဲပယ်ခြင်းခံခဲ့ရတဲ့ အမျိုးသမီးအသင်း တာဝန်ရှိသူတွေအတွက် ရန်ပုံငွေတွေကို ဆိုင်းငံ့မယ်လို့ ကြေညာခဲ့ပါတယ်။

ကနေဒါအမျိုးသမီးအသင်းကို တွေ့ရစဉ်

ကနေဒါအသင်းဟာ အိုလံပစ်အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်တွေအဖြစ် နယူးဇီလန်၊ အိမ်ရှင်ပြင်သစ် အသင်းတို့နဲ့ ယှဉ်ပြိုင်ထားပြီး ၂ ပွဲစလုံး အနိုင်ရရှိထားတာပါ။ 

ဒါပေမယ့် ကနေဒါအသင်းဟာ ရမှတ် ၆ မှတ် လျှော့ခံထားရတာကြောင့် ရမှတ်မရရှိသေးဘဲ အုပ်စုတွင်း တတိယ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ 

ကနေဒါအသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ကိုလံဘီယာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရခဲ့ရင် နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက် ရှိနေသေးတာပါ။

ကနေဒါအသင်းဟာ အိုလံပစ်ပြိုင်ပွဲကို ၄ ကြိမ် ယှဉ်ပြိုင်ထားပြီး နောက်ဆုံးကျင်းပခဲ့တဲ့ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ရရှိခဲ့တာ ဖြစ်ပါတယ်။

Source: Goal