CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၉

ယူနိုက်တက်အသင်း ဂိုးသမားဟောင်း ဒီဂီယာရဲ့ စီးရီးအေကလပ် ဂျီနိုအာအသင်းထံ အပြောင်းအရွှေ့ဟာ ကစားသမားရဲ့ လစာတောင်းဆိုမှုကြောင့် ပျက်ပြယ်သွားခဲ့ပါတယ်။

Sky Sports က ဂျီနိုအာအသင်းဟာ နောက်ထပ် ဂိုးသမား ပစ်မှတ်တွေကို ရှာဖွေသွားမယ်လို့ ဖော်ပြထားတာပါ။ 

ဒီဂီယာဟာ ယူနိုက်တက်အသင်းကနေ ထွက်ခွာပြီးနောက် တစ်နှစ်ကြာ အသင်းလက်မဲ့ ဖြစ်နေတာကို အဆုံးသတ်ဖို့အတွက် ဂျီနိုအာအသင်းထံ ပြောင်းရွှေ့ဖို့ စဉ်းစားခဲ့တာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းမှာ ၁၂ နှစ်ကြာ ပွဲပေါင်း ၅၄၅ ပွဲကစားခဲ့တဲ့ ဒီဂီယာဟာ ပြီးခဲ့တဲ့နွေရာသီက စာချုပ်ကုန်ဆုံး ပြီးနောက် ထွက်ခွာခဲ့တာပါ။

ဒီဂီယာဟာ ပြီးခဲ့တဲ့ရာသီအတွင်းမှာ ကမ်းလှမ်းမှုအချို့ ရခဲ့ပေမယ့် ဘယ်အသင်းကိုမှ မပြောင်းရွှေ့ဖြစ်ခဲ့ဘဲ အသင်းလက်မဲ့ ဖြစ်နေခဲ့ပါတယ်။

စပိန်ဂိုးသမားဟောင်းဟာ ဒီနှစ်ဘောလုံးရာသီ မစတင်ခင်မှာ အသင်းသစ် ရှာဖွေနေပြီး ဂျီနိုအာအသင်းနဲ့ အပြောင်းအရွှေ့ ဆွေးနွေးမှုတွေရှိခဲ့တာပါ။

ဂျီနိုအာအသင်းကလည်း ဂိုးသမား မာတီနက်ဇ်ကို အင်တာမီလန်အသင်းထံ ရောင်းချခဲ့တဲ့အတွက် ဂိုးသမား ရှာဖွေနေပြီး ဒီဂီယာနဲ့ အပြောင်းအရွှေ့ဖြစ်ဖို့ မျှော်လင့်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဂီယာကို တွေ့ရစဉ်

ဒါပေမယ့် ဒီဂီယာရဲ့ လက်တွေ့မကျတဲ့ လစာတောင်းဆိုမှုကြောင့် ဒီအပြောင်းအရွှေ့ဟာ ပျက်ပြယ်သွားခဲ့တာပါ။

ဒီဂီယာဟာ နည်းပြ အဲရစ်တန်ဟတ်သာ ယူနိုက်တက်အသင်းက ထွက်ခွာခဲ့ရင် အသင်းဟောင်းထံ ပြန်လာဖို့ လည်း စိတ်ကူးရှိခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ယူနိုက်တက်အသင်းဟာ အဲရစ်တန်ဟတ်ကို ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးပြီးနောက် ဒီဂီယာရဲ့ မျှော်လင့်ချက် အဆုံးသတ်သွားခဲ့တာပါ။

ဒီဂီယာဟာ ဂျီနိုအာအသင်းနဲ့ အပြောင်းအရွှေ့ ပျက်ပြယ်သွားခဲ့တာကြောင့် အသင်းသစ် ရှာဖွေမှုတွေကို ဆက်ပြီး လုပ်ဆောင်ရတော့မှာ ဖြစ်ပါတယ်။ 

ဒီဂီယာကို ခေါ်ယူဖို့ ဆော်ဒီပရိုလိဂ် ကလပ်တွေနဲ့ မေဂျာလိဂ်ကလပ် အသင်းအချို့က ချိတ်ဆက်မှုတွေ ရှိနေတာ ပါ။ 

ဒါပေမယ့် ဒီဂီယာအနေနဲ့ အသင်းသစ်ရဖို့ဆိုရင် သူ့ရဲ့လုပ်ခလစာ တောင်းဆိုမှုကို လျှော့ချဖို့ စဉ်းစားရမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ 

Source: Dailymail