CNI Sport News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၃

အပြောင်းအရွှေ့ စည်းမျဉ်းတွေကို ချိုးဖောက်တယ်လို့ စွပ်စွဲခံထားရတဲ့ ၂၀၀၈ ခုနှစ်က စပါးအသင်းကနေ ပို့စ်မောက်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ တိုက်စစ်မှူး ဒီဖိုးရဲ့ အပြောင်းအရွှေ့ကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။

စပါးအသင်းဟာ ပို့စ်မောက်အသင်းထံ ပေါင် ၇.၅ သန်းနဲ့ ပြောင်းရွှေ့မယ့် ဒီဖိုးရဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေး ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့တာမှာ လိုင်စင်မဲ့ အေးဂျင့်အသုံးပြုခဲ့တယ်ဆိုတဲ့ သက်သေ အထောက်အထားတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဒီအပြောင်းအရွှေ့ ဖြစ်ခဲ့တုန်းက FA ဟာ စပါးအသင်းကို အရေးယူမှု မပြုလုပ်ခဲ့ပေမယ့် အခုအချိန်မှာတော့ ဒီအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားမယ်လို့ ထုတ်ဖော်ပြောခဲ့တာ ဖြစ်ပါတယ်။

ကလပ်အသင်းတွေဟာ အေးဂျင့်တွေနဲ့ ပတ်သက်ပြီး FA ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့မယ်ဆိုရင် အမှတ်လျှော့ ပြစ်ဒဏ်၊ အပြောင်းအရွှေ့ ပိတ်ပင်တဲ့ပြစ်ဒဏ်တွေ ကျခံရဖို့ ရှိနေတာပါ။ 

ဒီဖိုးကို တွေ့ရစဉ်

၂၀၀၈ ခုနှစ်က လူတန်တောင်းအသင်းဟာ အေးဂျင့်စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တဲ့အတွက် ၁၀ မှတ်လျှော့ ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ 

ဝက်စ်ဟမ်းနဲ့ စပါးအသင်း ကစားသမားဟောင်း သောမတ်စ်ဟာ ဒီဖိုးရဲ့ အပြောင်းအရွှေ့မှာ အဓိက အရေးပါတဲ့ သူဖြစ်ခဲ့ပြီး သူဟာ ဒီအချိန်တုန်းက လိုင်စင်မဲ့အေးဂျင့်ဖြစ်နေတယ်လို့ Times က ဖော်ပြခဲ့ပါတယ်။

အေးဂျင့်တွေဟာ ကစားသမားတွေရဲ့ အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ လုပ်ဆောင်ခွင့်ရှိပေမယ့် လိုင်စင် ကိုင်ဆောင် ထားရပြီး တရားဝင် ကိုယ်စားပြုတဲ့ စာချုပ်ရှိနေရမှာပါ။ 

FA ရဲ့ စည်းမျဉ်းတွေမှာ ကလပ်အသင်းတွေနဲ့ ကစားသမားတွေရဲ့ အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့အတွက် လိုင်စင်မဲ့ အေးဂျင့်အသုံးပြုခွင့် မရှိဘူးလို့ ဖော်ပြထားတာ ဖြစ်ပါတယ်။ 

ဒီစည်းမျဉ်းတွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် တန်းဆင်းတဲ့အထိ ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ သိရပါတယ်။

မကြာသေးခင်က အဲဗာတန်အသင်းဟာ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ရဲ့ ၁၀ မှတ်လျှော့ ပြစ်ဒဏ်ချမှတ်ခြင်းကို ခံထားရပြီး စပါးအသင်းလည်း ဒီလိုမျိုး အရေးယူခံရနိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

Source: Daily Mail