CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၂

လီဗာပူးလ်အသင်းခေါင်းဆောင် ဗန်ဒိုက်က ကလပ်အသင်းအနေနဲ့ နွေရာသီ အပြောင်းအရွှေ့ဈေးကွက် မပိတ်ခင် မှာ ကစားသမားသစ်တွေ ခေါ်ယူဖို့ တိုက်တွန်းမှု ပြုလုပ်သွားခဲ့ပါတယ်။

ဗန်ဒိုက်က “ရာသီတစ်ခုဟာ ရှည်ကြာတာကြောင့် ကစားသမားသစ်အချို့ ခေါ်ယူမှု ပြုလုပ်သင့်တယ်လို့ ကျနော် ထင်ပါတယ်။ ဒါပေမယ့် သူတို့ဟာ အနောက်ကွယ်ကနေ အလုပ်လုပ်နေပြီး ကလပ်အပေါ် ကျနော် အပြည့်အဝ ယုံကြည်မှုရှိပါတယ်။ သူတို့ဟာ မှန်ကန်တဲ့အရာကို လုပ်နေပြီး ကျနော်တို့ ပြိုင်ပွဲတိုင်းကို ယှဉ်ပြိုင်ဖို့ အကောင်းဆုံး အသင်းကို ရရှိစေမှာပါ။ ဘာတွေဖြစ်လာမလဲဆိုတာ ကျနော်တို့ မြင်တွေ့ရမှာပါ”လို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံ ချိန်ပြောခဲ့တာပါ။ 

နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ပိတ်ဖို့ ၃ ပတ်သာလိုတော့တဲ့ အချိန်မှာ လီဗာပူးလ်အသင်းဟာ အခုအချိန်ထိ ကစားသမားသစ် ခေါ်ယူရခြင်း မရှိသေးတာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဆိုစီဒက်အသင်း ကွင်းလယ်လူ ဇူဘီမန်ဒီကို စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၆၀ ပေးပြီး ခေါ်ယူဖို့ ကြိုးစားနေသလို အသင်းလက်မဲ့ဖြစ်နေတဲ့ ဂျူဗင်တပ်စ်အသင်း ကွင်းလယ်လူဟောင်း ရာဘီယော့နဲ့ လည်း သတင်းတွေ ထွက်နေတာပါ။

အဲဒါကြောင့် ဗန်ဒိုက်က ကစားသမားသစ် ခေါ်ယူမှုကို အမြန်ဆုံးပြုလုပ်ဖို့ အသင်းကို တိုက်တွန်းခဲ့တာဖြစ်ပါတယ်။ 

လီဗာပူးလ်အသင်းကို တွေ့ရစဉ်

ဗန်ဒိုက်နဲ့ လီဗာပူးလ်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ကလည်း နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပြီး စာချုပ်သစ် မချုပ်ဆိုနိုင်ရင် သူဟာ ရာသီအကုန်မှာ အလွတ်နဲ့ ထွက်ခွာရဖို့ရှိနေတာပါ။

လီဗာပူးလ်အသင်းဟာ လက်ရှိအချိန်ထိတော့ စာချုပ်သစ် ကမ်းလှမ်းမှု မရှိသေးဘူးလို့ ဗန်ဒိုက်က ပြောခဲ့ပါတယ်။ 

အသက် ၃၃ နှစ်အရွယ်ရှိ ဗန်ဒိုက်ဟာ လီဗာပူးလ်အသင်းကို ၂၀၁၈ ခုနှစ်က ရောက်ရှိခဲ့တာဖြစ်ပြီး ပွဲပေါင်း ၂၇၀ ပါဝင် ကစားထားကာ ယူရိုပါလိဂ်ဖလားကလွဲပြီး အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတိုင်း ဆုဖလားရယူနိုင်ခဲ့တဲ့ သူပါ။ 

ဗန်ဒိုက်ဦးဆောင်တဲ့ လီဗာပူးလ်အသင်းဟာ နည်းပြသစ် အာနီဆလော့လက်ထက် ပရီးမီးယားလိဂ် ပွဲဦးထွက် အဖြစ် သြဂုတ် ၁၇ ရက်မှာ တန်းတက်အစ်ဝှစ်ချ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal