CNI Sport News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၉

လီဗာပူးလ်အသင်းခေါင်းဆောင် ဗန်ဒိုက်က စပါးအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ စပါးကစားသမား ဘာ့ဂ်ဗောလ်ကို ဒုတိယအဝါကတ် မပြသခဲ့တဲ့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ခဲ့ပါတယ်။

ဗန်ဒိုက်က “ဒုတိယ အဝါကတ် ပြသရမယ်ဆိုတာ အလွန်သိသာပါတယ်။ ကျနော့်အမြင်မှာ ဒိုင်လူကြီးက အမှား ပြုလုပ်ခဲ့ပြီး ကျနော် သူ့ကိုပြောခဲ့ပါတယ်။ သူကတော့ အမှားမလုပ်ခဲ့ဘူးလို့ ထင်နေပါတယ်။ ဒါက အလွန်သိသာ ပြီး ဘေးနားမှာရှိတဲ့ လူတိုင်းသိပါတယ်။ ဒီနေရာမှာ စည်းကြပ်ဒိုင်လည်းရှိတယ်၊ စတုတ္ထဒိုင်လည်းရှိတယ်၊ VAR လည်း ရှိပေမယ့် သူဟာ ဒုတိယအဝါကတ် မရခဲ့ပါဘူး။ ဒါက ကျနော်တို့ ရှုံးနိမ့်တဲ့ အကြောင်းရင်းလို့ ပြောတာ မဟုတ်ပေမယ့် ဒီအဖြစ်အပျက်ဟာ ပွဲထဲမှာ ကြီးမားတဲ့အခိုက်အတန့်ပါ”လို့ ပြောခဲ့တာပါ။

စပါးအသင်းကစားသမား ဘာဂ့်ဗောလ်ဟာ ဒီပွဲစဉ်ရဲ့ပွဲချိန် ၆၈ မိနစ်မှာ လူးဝစ်ဒီယက်ဇ်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ ကွင်းလယ်ဒိုင်လူကြီးရဲ့ အဝါကတ်ပြသခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ 

ဘာဂ့်ဗောလ်ဟာ ဆီမီကတ်စ်ကို နောက်ထပ် ပြစ်ဒဏ်ကျူးလွန်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်လူကြီးဟာ သူ့ကို နောက်ထပ် အဝါကတ်ပြသဖို့ ပွဲကိုရပ်တန့်ခဲ့ခြင်းမရှိတာပါ။ 

ဗန်ဒိုက်နဲ့ ဒိုင်လူကြီးကို တွေ့ရစဉ်

ဒီဖြစ်ရပ်ပြီးနောက် ဆီမီကတ်စ်ဟာ ကွင်းပြင်ထွက်ပြီး ဆေးကုသမှု ခံယူနေချိန်အတွင်းမှာ ဘာဂ့်ဗောလ်ဟာ စပါးအသင်းအတွက် အနိုင်ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။ 

ဗန်ဒိုက်ကတော့ ဘာဂ့်ဗောလ်ကို ဒုတိယ အဝါကတ်ပြသပြီး မထုတ်ပယ်တဲ့ ကွင်းလယ်ဒိုင်လူကြီးရဲ့ ဆုံးဖြတ် ချက်ကို ဒေါသထွက်နေခဲ့တာပါ။

လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့ကလည်း ဘာဂ့်ဗောလ် ထုတ်ပယ်ခံရသင့်ပြီး ကွင်းလယ်ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်က ပွဲရလဒ်အပေါ် အများကြီး သက်ရောက်မှုရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီရှုံးပွဲကြောင့် ပြိုင်ပွဲစုံ ၂၄ ပွဲ ဆက်တိုက် ရှုံးပွဲမရှိတဲ့ မှတ်တမ်းကောင်း ရပ်တန့်သွားခဲ့ ရပါတယ်။

စပါးနဲ့ လီဗာပူးလ် အသင်းတို့ရဲ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်ကို ဖေဖော်ဝါရီ ပထမအပတ်မှာ ယှဉ်ပြိုင်ရမှာ ပါ။ 

လီဗာပူးလ်အသင်းဟာ လာမယ့် FA ဖလား တတိယအဆင့်ပွဲစဉ်မှာ အက်ကာရင်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး စပါးအသင်းက တန်ဝေါ့အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: ESPN