CNI Sport News

၂၀၂၆ ခုနှစ်၊ မတ်လ ၉

စကော့တလန်နောက်ခံလူ ရော်ဘတ်ဆန်က သူ့ကိုမလိုအပ်တော့တဲ့အထိ ဆက်နေချင်တာကြောင့် လီဗာပူးလ် အသင်းမှာ ဆက်နေဖို့ စပါးအသင်းကို ငြင်းပယ်ခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ 

ရော်ဘတ်ဆန်က “စပါးအသင်းက ကျနော့်ကို စိတ်ဝင်စားခဲ့တဲ့အတွက် အသင်းနှစ်သင်းစလုံး ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက်က ကျနော်ဒီမှာ ဆက်နေချင်ခဲ့တာပါ။ ကျနော် လီဗာပူးလ်မှာ ဆက်နေချင်တဲ့ အတွက် ဒါကို ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ကျနော်ဟာ လီဗာပူးလ်အသင်းအတွက် ၈ နှစ်ခွဲ ဒါမှမဟုတ် ၉ နှစ် အခု အချိန်အထိ ပေးဆပ်ခဲ့ပြီးပါပြီ။ အခုအချိန်မှာလည်း ကျနော်ဟာ အသင်းက မလိုအပ်တော့တဲ့ အချိန်အထိ ဆက် ပေးဆပ်သွားမှာပါ။ ဒီအသင်းက ကျနော့်ကို အရာအားလုံးပေးခဲ့သလို ကျနော်ကလည်း အသင်းအတွက် အရာ  အားလုံးပေးခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။ 

ရော်ဘတ်ဆန်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ စပါးအသင်းထံ ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ ပေမယ့် နောက်ဆုံးမှာတော့ လီဗာပူးလ်အသင်းမှာ ဆက်နေဖို့ ရွေးချယ်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ်ကတည်းက လီဗာပူးလ်အသင်းမှာ ရှိနေခဲ့ပြီး ပွဲပေါင်း ၃၆၀ ကျော် ကစားထားတဲ့ ရော်ဘတ်ဆန်ဟာ ဒီရာသီမှာတော့ ဘုန်းမောက်အသင်းကနေ ရောက်လာခဲ့တဲ့ ကာကတ်ဇ်ရဲ့အနောက်မှာ အရန်ကစားသမား အဖြစ်သာ ရှိနေခဲ့တာပါ။ 

ရော်ဘတ်ဆန်ကို တွေ့ရစဉ်

ရော်ဘတ်ဆန်ဟာ ပြီးခဲ့တဲ့ ဝုလ်ဗ်စ်အသင်းနဲ့ FA ဖလားပွဲမှာ လီဗာပူးလ်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့ပြီး ၁ ဂိုး သွင်းယူကာ ၁ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။ 

ရော်ဘတ်ဆန်နဲ့ လီဗာပူးလ်အသင်းရဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးမှာ ဖြစ်ပြီး စာချုပ်သစ်အတွက် သဘော တူညီမှု မရသေးပါဘူး။

ရော်ဘတ်ဆန်က သူဟာ အနာဂတ်နဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက် ချပြီးသွားရင် ကြေညာသွားမှာ ဖြစ်ပေမယ့် အခု အချိန်မှာတော့ အသင်းနဲ့ဆုဖလား ရယူနိုင်ဖို့ကိုသာ အာရုံစိုက်နေတယ်လို့ ပြောခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ FA ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်ကို ရောက်ရှိနေသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၆ သင်း အဆင့်ကို ရောက်ရှိနေတဲ့အတွက် ဒီရာသီမှာ ဆုဖလား ၂ လုံး ရယူနိုင်ဖို့ မျှော်လင့်ချက်ရှိနေပါတယ်။ 

Source: Dailymail