CNI Sport News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၃

ရိုးမားအသင်းနည်းပြ မော်ရင်ဟိုဟာ ဆော်ဒီပရိုလိဂ်မှာ နည်းပြအဖြစ် သွားရောက်လုပ်ကိုင်ဖို့ အစီအစဉ်ရှိတယ်လို့ အတည်ပြု လိုက်ပါတယ်။

မော်ရင်ဟိုက “အားလပ်တဲ့အချိန်တွေမှာ ဆော်ဒီကို သွားရောက်မှာဖြစ်ပေမယ့် အဲ့ဒီမှာ အလုပ်လုပ်မယ်ဆိုတာ ယုံကြည်ပါတယ်။ ဘယ်အချိန် ဖြစ်မလဲဆိုတာ ကျနော်မသိပေမယ့် တစ်နေ့မှာ သွားမယ်ဆိုတာတော့ သေချာပါ တယ်။ ရိုးမားအသင်းအတွက် နောက်ဆုံးနေ့အထိ ကျနော်အရာအားလုံးကို ပေးသွားမှာပါ။ အနာဂတ်ကို ဘယ်သူမှ မသိပေမယ့် ကျနော် ဆော်ဒီမှာသွားပြီး နည်းပြအဖြစ် အလုပ်လုပ်မယ်ဆိုတာတော့ သေချာတယ်”လို့ ပြောပါ တယ်။

မော်ရင်ဟိုကို တွေ့ရစဉ်

အသက် ၆၀ နှစ်အရွယ်ရှိ မော်ရင်ဟိုဟာ ဆော်ဒီပရိုလိဂ်ကလပ် အသင်းတစ်သင်းရဲ့ ကောင်းမွန်တဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ပေမယ့် ငြင်းပယ်ခဲ့ပြီး ရိုးမားအသင်းမှာသာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ရိုးမားအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်လို့ မော်ရင်ဟိုဟာ စာချုပ်ကုန်ဆုံးချိန်မှာ အီတလီကလပ်ကနေ ထွက်ခွာဖို့ ရှိနေပါတယ်။

မော်ရင်ဟိုဟာ ရီးရယ်လ်အသင်းထံ ပြန်လာနိုင်ဖွယ်ရှိတယ်ဆိုတဲ့ ထင်ကြေးတွေကိုတော့ ငြင်းဆန်ခဲ့ပါတယ်။

မော်ရင်ဟိုက “ရီးရယ်လ်မှာ စူပါနည်းပြတစ်ဦးရှိတဲ့အတွက် ဘာကြောင့် နောက်တစ်ဦးကို စဉ်းစားနေမှာလဲ။ နောက်ရာသီမှာလည်း အန်ဆယ်လော့တီကလည်း ဆက်ပြီးရှိနေဦးမှာပါ။ သူက ရီးရယ်လ်အတွက် ပြီးပြည့်စုံတဲ့ နည်းပြဖြစ်ပါတယ်”လို့ ပြောခဲ့ပါတယ်။

မော်ရင်ဟိုဟာ ရီးရယ်လ်အသင်းကို ၂၀၁၀ ကနေ ၂၀၁၃ ခုနှစ်အထိ ကိုင်တွယ်ခဲ့ပြီး စပိန်လာလီဂါ ဆုဖလားကို ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: Daily Mail